ရှေ့သို့
Image

ဆောင်းဈေးကွက်အတွင်း ပထမဆုံးခေါ်ယူမှုအဖြစ် ဂျပန်ကွင်းလယ်လူ ကာဝါဘေးကို ဝုဗ် ခေါ်ယူ

8:38 PM, 5 January

ဝုဗ်အသင်းဟာ ယခုဆောင်းဈေးကွက်အတွင်း ပထမဆုံးခေါ်ယူမှုအဖြစ် ဆွစ်ဇာလန်ကလပ် ဂရက်စ်ဟော့ပါးအသင်းကနေ ဂျပန်ကွင်းလယ်လူ ဟာယာအိုကာဝါဘေးကို မဖော်ပြတဲ့ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိ ကာဝါဘေးဟာ ဂရက်စ်ဟော့ပါးအသင်းနဲ့အတူ ပထမရာသီဝက်မှာ အထူးခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းအတွက် ၁၈ပွဲမှာ ၄ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့နွေရာသီက ဂျေလိဂ်ကလပ် ဆန်ဖရက်စ်ဟီရိုရှီးမားအသင်းကနေ ဆွစ်ဇာလန်ကို ရောက်လာတာဖြစ်ပေမယ့် ဆွစ်မှာ အထူးခြေစွမ်းပြနိုင်ခဲ့လို့ ဝုဗ်အသင်းရဲ့ပထမဆုံး ဂျပန်ကစားသမားအဖြစ် ပရီးမီးယားလိဂ်ကို ရောက်လာခဲ့တာပါ။

ကာဝါဘေးဟာ ဝုဗ်နဲ့ ၃နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ပြီး ဆွစ်ဇာလန်မှာ ဆောင်းရာသီအားလပ်ရက်ပေးထားတဲ့ ယခုလကုန်အထိ အသင်းဖော်သစ်တွေနဲ့အတူ ထရိန်နင်ဆင်းမှာဖြစ်ကာ အဲဒီနောက် ယခုရာသီကုန်အထိ ဂရက်စ်ဟော့ပါးမှာ အငှားနဲ့ ပြန်ကစားမှာဖြစ်ပါတယ်။

The Athletic သတင်းဌာနရဲ့ဖော်ပြချက်အရ ဝုဗ်ဟာ ကာဝါဘေးအတွက် ပြောင်းရွှေ့ကြေးအဖြစ် ဆွစ်ဇာလန်ကလပ်ထံ ပေါင် ၅၀၀၀၀၀ ပေးချေခဲ့ရတယ်လို့ သိရပါတယ်။

#ဝုဗ္ #အပြောင်းအရွှေ့