ရှေ့သို့
Image

နွေရာသီမှာ ပိုချက်တီနိုရောက်လာလိမ့်မယ်လို့ ယူနိုက်တက်ကစားသမားတွေ ယူဆနေ

4:18 PM, 5 January

မန်ချက်စတာယူနိုက်တက်ကစားသမား အများစုဟာ လာမယ့်နွေရာသီမှာ ပီအက်စ်ဂျီနည်းပြ မော်ရီစီယိုပိုချက်တီနို အသင်းကို ရောက်လိမ့်မယ်လို့ ယုံကြည်နေကြတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ နည်းပြရာ့ဖ်ရန်နစ်ကို ယာယီနည်းပြအဖြစ် ရာသီကုန်ထိ ခန့်အပ်ခဲ့ပြီး အသင်းကို ၆ ပွဲတာဝန်ယူပြီး ၃ ပွဲအနိုင်ရရှိထားပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ယူနိုက်တက်စီနီယာအသင်းသားတွေဟာ လက်ရှိဂျာမန်သား နည်းပြကြီးရဲ့ နည်းစနစ်တွေနဲ့ အံမဝင်ဖြစ်နေကြတယ်လို့ သိရပါတယ်။ ကစားသမား အတော်များများလည်း လက်ရှိအပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာမယ့်သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာကြောင့် ယူနိုက်တက်ရဲ့ အဝတ်လဲခန်းထဲက အခြေအနေတွေကတော့ ထင်ထားတာထက် ပိုပြီးဆိုးရွားလာပါတယ်။

ဒီအနေအထားတွေကြောင့် ကစားသမားတွေဟာ ရန်နစ်ရဲ့ ယာယီနည်းပြ ကာလပြီးဆုံးချိန်မှာ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုကို ယူနိုက်တက်နည်းပြ ဖြစ်လာဖို့ မျှော်လင့်နေကြပါတယ်။ အာဂျင်တီးနားနည်းပြဟာ မန်ချက်စတာယူနိုက်တက်ကို တာဝန်ယူဖို့ မကြာခဏ သတင်းထွက်လေ့ရှိသူဖြစ်ပြီး ဒီအခွင့်အရေးကို လက်ခံဖို့လည်း လမ်းဖွင့်ပေးထားပါတယ်။

ပိုချက်တီနိုဟာ ၂၀၂၁ ဇန်နဝါရီကမှ ပီအက်စ်ဂျီကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ၄၉ နှစ်အရွယ် နည်းပြကြီး တာဝန်ယူခဲ့ရတဲ့ ၂၀၂၀-၂၁ ရာသီဝက်မှာတော့ ပီအက်စ်ဂျီဟာ လီဂူးဝမ်းချန်ပီယံဆုကို လိုင်လီအသင်းထံ လွှဲပြောင်းပေးခဲ့ရပါတယ်။ လီဂူးဝမ်းဖလားနဲ့ လွဲခဲ့ပေမယ့်လည်း ပြင်သစ်လိဂ်ဖလားနဲ့ ပြင်သစ်စူပါဖလားတို့ကို ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒီရာသီမှာတော့ အံ့အားသင့်ဖွယ် အပြောင်းအရွှေ့တွေ ပြုလုပ်နိုင်ခဲ့ပြီးနောက် လီဂူးဝမ်းချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ဖလားတွေကိုပါ ရယူဖို့ ပြင်ဆင်နေပါတယ်။

ပြင်သစ်ထိပ်သီးအသင်းကြီးဟာ လီယွန်နယ်မက်ဆီ၊ ဆာဂျီယိုရာမို့စ်၊ ဒွန်နာရမ်မာနဲ့ ဟာကီမီတို့လို ကမ္ဘာ့အကောင်းဆုံး ကြယ်ပွင့်တွေကို ခေါ်ယူနိုင်ခဲ့ပြီး လီဂူးဝမ်းမှာ ဦးဆောင်နေပေမယ့် ချန်ပီယံလိဂ်မှာတော့ ရုန်းကန်ခဲ့ရပြီး မန်ချက်စတာစီးတီးရဲ့ နောက်ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ နေမာ၊ မက်ဆီနဲ့ မက်ပီတို့ကို တွဲပြီးအသုံးမပြုတတ်တာတွေကြောင့်လည်း ဝေဖန်မှုတွေ ခံခဲ့ရပေမယ့် အမှတ်ပေးဇယားကိုတော့ ၁၃ မှတ်ထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။

အာဂျင်တီးနားသားဟာ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ မကြာခဏ သတင်းတွေထွက်ခဲ့ပြီး ယူနိုက်တက်ကလည်း ပိုချက်တီနိုကို နည်းပြဆိုးလ်ရှားကို ထုတ်ပယ်ခဲ့တဲ့ ဒီရာသီ အစောပိုင်းကတည်းက ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။ မခေါ်ယူနိုင်ခဲ့လို့သာ အခုလိုမျိုးနည်းပြရန်နစ်ကို ယာယီနည်းပြအဖြစ်နဲ့ တာဝန်ယူစေခဲ့တာလည်း ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပီအက်စ်ဂျီ #ပိုချက်တီနို #ရန်နစ်