ရှေ့သို့
Image

ရန်နစ်ရဲ့နည်းစနစ်တွေကို မကြိုက်လို့ ကစားသမား ၁၁ ဦးထိ ထွက်ချင်နေတယ်ဆိုတဲ့ ယူနိုက်တက်

4:06 PM, 5 January

မန်ချက်စတာယူနိုက်တက်ဟာ တနင်္လာညက ဝုဗ်အသင်းကို အိမ်ကွင်းမှာ ၁-၀ နဲ့အရေးနိမ့်ပြီး  နည်းပြရာ့ဖ်ရန်နစ်လက်ထက် ပထမဆုံးရှုံးပွဲကြုံတွေ့သွားရပါတယ်။ ပွဲချိန် ၈၂ မိနစ်မှာ သွင်းယူသွားတဲ့ ဝုဗ်ကွင်းလယ်လူ ဂျာအိုမော်တင်ဟိုရဲ့ တစ်လုံးတည်းသောဂိုးနဲ့ ဧည့်သည်အသင်းက နိုင်ပွဲရယူသွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာ ဝုဗ်ရဲ့ခြေစွမ်းက သိသိသာသာပိုကောင်းခဲ့ပြီး ယူနိုက်တက်ကတော့ ဖန်တီးမှုပိုင်း အလွန်အားနည်းခဲ့ပြီး ကစားသမားအားလုံးနီးပါး ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ ယူနိုက်တက်ရဲ့ ကွင်းတွင်းပြဿနာတွေက တဖြည်းဖြည်း ထင်ရှားလာပြီး အခုဆိုရင် ပြဿနာအသေးစိတ်တွေထိပါ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Mirror ရဲ့ ဖော်ပြချက်အရ နည်းပြရန်နစ်ဟာ ယူနိုက်တက်ရဲ့ အဝတ်လဲခန်းမှာ ကစားသမားတွေကြား စည်းလုံးမှုရရှိဖို့ မနည်းကြိုးစားနေရပြီး အများစုက လက်ရှိအသင်းရဲ့ အခြေအနေကို စိတ်ပျက်နေကြတယ်လို့ သိရပါတယ်။ ဂျက်ဆီလင်ဂတ်၊ ဒွန်နီဗန်ဒီဘိခ်၊ အဲရစ်ဘိုင်လီနဲ့ ဒင်းဟန်ဒါဆန်တို့ဟာ ပွဲကစားခွင့် နည်းပါးလွန်းတဲ့အချက်ကြောင့် အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေကြပါတယ်။

နည်းပြဟောင်း ဆိုးလ်ရှားလက်ထက်ကတည်းက ဖြစ်နေတဲ့ ဒီပြဿနာဟာ နည်းပြရန်နစ်လက်ထက်မှာ ပိုဆိုးလာခဲ့ပါပြီ။ ဟန်ဒါဆန်ဆိုရင် ပုံမှန်ပွဲထွက်ခွင့်ရဖို့ အသင်းက ထွက်ခွာချင်နေပေမယ့် နည်းပြရန်နစ်က ထွက်ခွာခွင့်မပေးခဲ့ပါဘူး။ ဒီအခြေအနေမျိုးက ဟန်ဒါဆန် တစ်ယောက်တည်းဖြစ်နေတာ မဟုတ်ပဲ ယူနိုက်တက်တစ်သင်းလုံးနီးပါး ဖြစ်နေတာပါ။

ကစားသမားအများစုဟာ နည်းပြရန်နစ်ရဲ့ ကစားကွက်မှာ အံမဝင်ဘူးလို့ ခံစားနေရသလို၊ သူ့ရဲ့နည်းစနစ်တွေ၊ လက်ထောက်တွေကိုလည်း စိတ်ပျက်နေကြတယ်လို့ သိရပါတယ်။ Mirror ကိုပြောပြခဲ့တဲ့ သတင်းပေးကတော့ “ အခြေအနေမကောင်းပါဘူး။ အရမ်းဆိုးတဲ့ အနေအထားလို့ ခံစားနေရတယ်။ ယူနိုက်တက်အတွက် ကစားသမားတွေကြားမှာ ပြဿနာက ပိုကြီးလာနိုင်ပါတယ် ” ဆိုပြီး ပြောခဲ့ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိပရီးမီးယားလိဂ် အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံး ၄ သင်းနဲ့ ၄ မှတ်ကွာဟနေပါတယ်။ ရန်နစ်ဟာ ယူနိုက်တက်ကိုရောက်တာ တစ်လလောက်ပဲ ရှိသေးပေမယ့် ကစားသမားတစ်ချို့ရဲ့ ယုံကြည်မှုကိုဆုံးရှုံးသွားပြီလို့ သတင်းတွေက ပြောခဲ့ပါတယ်။ ယူနိုက်တက်ကို ဒီရာသီမှာ ပြုပြင် ပြောင်းလဲနိုင်ဖို့က ရန်နစ်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဝုဗ် #ဒင်းဟန်ဒါဆန် #ရန်နစ်