ရှေ့သို့
Image

ရန်နစ်လက်အောက်မှာလည်း နေရာမရတဲ့နောက် ဇန်နဝါရီမှာတင် အသင်းကထွက်နိုင်တဲ့ ဗန်ဒီဘိခ်

10:54 AM, 5 January

မန်ချက်စတာယူနိုက်တက်ရဲ့ အမေ့လျော့ခံကစားသမား ဖြစ်နေတဲ့ ဒွန်နီဗန်ဒီဘိခ်ကတော့ နည်းပြသစ် ရာ့ဖ်ရန်နစ်လက်အောက်မှာလည်း ပုံမှန်နေရာမရတာကြောင့် ဒီဇန်နဝါရီလထဲမှာတင် အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်နိုင်တယ်လို့ သတင်းတွေက ဖော်ပြလာပါတယ်။ ESPN ရဲ့ ဖော်ပြချက်အရ ကွင်းလယ်လူဟာ နယ်သာလန်လူစာရင်းမှာ ပုံမှန်နေရာ ပြန်ရဖို့အတွက် ဂျာမန်သားနည်းပြကြီးရဲ့ အသင်းမှာ အရေးပါတဲ့နေရာက ပါဝင်ရမယ့်ဆိုတဲ့ စကားနဲ့မလုံလောက်တော့ဘူးလို့ သိရပါတယ်။

၂၄ နှစ်သားဟာ ပြီးခဲ့တဲ့နှစ် ဇွန်လက နိုင်ငံအသင်းအတွက် ၁၉ ပွဲထိ ကစားပေးခဲ့ပြီး နိုင်ပွဲတွေလည်း ရရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ လေးလအတွင်းမှာ နယ်သာလန်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၇ ပွဲလုံးမှာ ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။ နယ်သာလန်နည်းပြကြီး လူးဝစ်ဗန်ဟားလ်ကတော့ သက်ဆိုင်ရာကလပ်တွေမှာ ပုံမှနေရာရနေသူတွေကိုသာ ဦးစားပေးရွေးချယ်နေတာကြောင့် ဒီနှစ်ထဲမှာတော့ စတင်တော့မယ့် ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်လိုတယ်ဆိုရင်တော့ ဗန်ဒီဘိခ်အနေနဲ့ အိုးလ်ထရက်ဖို့ဒ်က ထွက်ခွာတာဟာ အကောင်းဆုံးရွေးချယ်မှု ဖြစ်လာနိုင်ပါတယ်။

နယ်သာလန်သားဟာ ၂၀၂၀ နွေရာသီကမှ အေဂျက်စ်ကနေ ပေါင် ၃၅ သန်းနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပေမယ့် ထင်ထားသလိုတော့ ဖြစ်မလာခဲ့ပါဘူး။ ပြီးခဲ့တဲ့ရာသီက နည်းပြအိုလီဂန်နာဆိုးလ်ရှား လက်အောက်မှာ ပရီးမီးယားလိဂ် ၄ ပွဲသာ ပွဲထွက်လူစာရင်းထဲ ပါဝင်ခဲ့ပြီး ဒီရာသီမှာတော့ တစ်ပွဲမှကို ပွဲထွက်လူစာရင်းထဲ ပါဝင်ခွင့်မရသေးပါဘူး။

နိုဝင်ဘာမှာ အသင်းကို ယာယီနည်းပြအဖြစ် ရောက်ရှိလာတဲ့ ရန်နစ်ကတော့ ဗန်ဒီဘိခ်ကို အသင်းရဲ့အရေးပါတဲ့ ကစားသမား ဖြစ်လာစေမယ်လို့ ပြောခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိတော့ ဒီစကားကို အကောင်အထည် မဖော်သေးပါဘူး။ တနင်္လာညက ဝုဗ်ကို ၁-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာဆိုရင် ကွင်းလယ်လူဟာ လူစားဝင်ခွင့်တောင် မခဲ့ပါဘူး။ သတင်းတွေအရတော့ ယူနိုက်တက်ကလည်း ဗန်ဒီဘိခ်ကို အငှားနဲ့ထွက်ခွာခွင့်ပေးပြီး ကစားသမားရဲ့ လစာအတွက် ကုန်ကျစရိတ်ကို လျှော့ချဖို့ စီစဉ်နေပါတယ်။

ဂျာမန်သားနည်းပြကြီးကတော့ ယူနိုက်တက်ဟာ မတူညီတဲ့ ပြိုင်ပွဲသုံးခုမှာ ယှဉ်ပြိုင်နေရတာကြောင့် ဗန်ဒီဘိခ်ကို သေချာပေါက် ဆက်ထိန်းသွားမှာလည်း ဖြစ်ပါတယ်။ ဒီတစ်ပတ်အစောပိုင်းကတင် ဗန်ဒီဘိခ်ဟာ ဇန်နဝါရီမှာ အသင်းပြောင်းရွှေ့နိုင်ဖို့ အေးဂျင့်ကိုပါ ပြောင်းခဲ့တာလို့ သတင်းတွေက ပြန်လည်ဖော်ပြခဲ့ကြပါတယ်။ အေးဂျင့်ဟောင်း ဂွီဒိုအယ်ဘာနဲ့ အောက်တိုဘာမှာ လမ်းခွဲပြီး ဖရန်ကီဒီဂျောင်၊ ဗစ်တာလင်ဒီလော့ဖ်တို့ရဲ့ အေးဂျင့် အလီဒါဆန်နဲ့ လက်တွဲခဲ့ပါတယ်။

နယ်သာလန်သားဟာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ သတင်းကြီးနေတဲ့ ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး အန်တိုနီမာရှယ်၊ အက်ဒီဆင်ကာဗာနီ၊ ဂျက်ဆီလင်ဂတ်၊ ဂျူအန်မာတာနဲ့ ဒင်းဟန်ဒါဆန်တို့ဟာလည်း ဒီလထဲမှာ အသင်းပြောင်းရွှေ့နိုင်တဲ့ ကစားသမားတွေအဖြစ် ရပ်တည်နေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒင်းဟန်ဒါဆန် #ဗန်ဒီဘိခ် #ရန်နစ်