ရှေ့သို့
Image

ပရီးမီးယားလိဂ်သို့ ပြန်လာနိုင်သော်လည်း ဘန်လေ အသင်းရဲ့ ကမ်းလှမ်းချက်ကို ပယ်ချလိုက်တဲ့ အာရွန်ရမ်ဆေး

10:16 AM, 5 January

ပရီးမီးယားလိဂ်သို့ အာရွန်ရမ်ဆေး ပြန်ရောက်လာရေးအတွက် ဘန်လေ အသင်းရဲ့ ကြိုးပမ်းချက်မှာ မအောင်မြင်ဘဲ ကစားသမားရဲ့ ပယ်ချခြင်း ခံခဲ့ရပါတယ်။ ဂျူဗင်တပ်စ် အသင်းဟာ ယခုနှစ်အတွင်း စီးရီးအေ ထိပ်သီးကလပ်မှာ ၁၁၂မိနစ်သာ ကစားထားရတဲ့ တစ်ပတ် ပေါင်၄သိန်း ရနေတဲ့ ရမ်ဆေးကို ဖယ်ရှားလိုနေတာ ဖြစ်ပါတယ်။

အသက်၃၁နှစ်အရွယ် အာဆင်နယ်ကစားသမားဟောင်းကို လက်ရှိ နည်းပြအယ်လီဂရီက ယုံကြည်ခြင်းမရှိဘဲ ယခုနှစ်မှာလည်း ရမ်ဆေးဟာ ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရပြီး အင်္ဂလန်ဘောလုံးကသို့ပြန်လည် ရောက်ရှိလာရန် ရေပန်းစားနေပါတယ်။ ဒါပေမဲ့ စကိုင်းစပေါ့တ်အီတာလီယာရဲ့ ဖော်ပြချက်အရ ဘန်လေအသင်းက ရမ်ဆေးကို ကမ်းလှမ်းချက် လုပ်ခဲ့ပြီး ကစားသမားက ချက်ချင်း ပယ်ချခဲ့တာ ဖြစ်ပါတယ်။

ကာဒစ်ဖ်စီးတီးဟာ နည်းပြဒိုင်ချီရဲ့ ဘန်လေကို ဦးဆောင်ခဲ့တာ ဖြစ်ပြီး ရမ်ဆေးဘက်က ပရီးမီးယားလိဂ်ကို လာရင်တောင် ထိပ်သီးကလပ်မှာ ပိုကစားလိုနေတာပါ။ ရမ်ဆေးကို ဘန်လေ အသင်းအပြင် အာဆင်နယ်၊ နယူးကာဆယ်အသင်းတွေကပါ စိတ်ဝင်စားနေပြီး ချိတ်ဆက်မှု ရှိနေပါတယ်။

နည်းပြ အက်ဒီဟိုဝီရဲ့ နယူးကာဆယ်ဟာ အက်သလက်တီကို နောက်ခံလူ ထရစ်ပီယားကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီး ငှက်ကျားတွေဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ နာမည်ကျော်ကစားသမားတစ်ချို့ခေါ်ယူရန် ပြင်နေပါတယ်။ အလားတူ အာဆင်နယ်အသင်းကလည်း ကစားသမားဟောင်း ရမ်ဆေးကို  ပြန်ခေါ်ရန် ရေပန်းစားတဲ့ အသင်းတွေထဲမှာ ပါပြီး နည်းပြအာတီတာဟာ အာဖရိကဖလားထံ ပီပီ၊ အယ်နေနီ၊ သောမတ်စ်ပါတေးတို့ကို လက်လွတ်ရမှာ ဖြစ်တာကြောင့် ကလူဆက်ဗ်စကီး၊  အာသာမီလိုတို့ကို စိတ်ဝင်စားနေပါတယ်။

လန်ဒန်ကလပ်မှာ ရမ်ဆေးဟာ ပြိုင်ပွဲစုံ ၃၆၉ပွဲ ကစားထားပြီး ၉နှစ်ကြာ ဖြတ်သန်းရာတွင် ၆၄ဂိုး သွင်းယူပေးထားပါတယ်။ အာဆင်နယ်ကစားသမားအဖြစ်နဲ့ ရမ်ဆေးဟာ အက်ဖ်အေဖလား ၃ကြိမ်ရထားပြီး ၂၀၁၄မှာ ဟူးလ်စီးတီးနဲ့ကစားတဲ့ ပွဲစဉ်၊ ၂၀၁၇မှာ ချဲလ်ဆီးနဲ့ကစားတဲ့ ပွဲစဉ် အစရှိတဲ့ ဗိုလ်လုပွဲတွေမှာ အသင်းအတွက် အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။

#ဂျူဗင်တပ်စ် #ဘန်လေ #ရမ်ဆေး