ရှေ့သို့
Image

ဝုဗ်နဲ့ပွဲ ဒုတိယပိုင်းမှာ ဂရင်းဝုဒ်ကို လူစားလဲခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ရန်းနစ် ကာကွယ်ပြောကြား

12:33 PM, 4 January

ယူနိုက်တက်ယာယီနည်းပြ ရန်းနစ်က ယမန်နေ့ည ဝုဗ်နဲ့ပွဲစဉ်မှာ တိုက်စစ်မှူး ဂရင်းဝုဒ်ကို လူစားလဲခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ကာကွယ်သွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ခြေစွမ်းဆိုးရွားခဲ့ပြီး မော်တင်ဟိုရဲ့ ၈၂မိနစ် သွင်းဂိုးကြောင့် ရှုံးပွဲတွေ့ခဲ့ရပါတယ်။

အဆိုပါပွဲစဉ်အတွင်း ရန်းနစ်ရဲ့ နည်းစနစ်တွေနဲ့ လူစားလဲမှုတွေ ဝေဖန်ခံခဲ့ရပြီး ဖာနန်ဒက်စ်ကို ထည့်သွင်းစဉ် ဂရင်းဝုဒ်ကို လူစားလဲခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ပရိသတ်တွေက Boo လုပ်ကာ လှောင်ပြောင်ခဲ့ကြပါတယ်။
ပွဲအပြီးမှာတော့ ဂျာမန်နည်းပြက ပေါ်တူဂီ ကွင်းလယ်ဖန်တီးအနေနဲ့ အသင်းကို ကူညီနိုင်လိမ့်မယ်လို့ ထင်ခဲ့ပြီး ကွင်းလယ်လူတစ်ဦးကို မထုတ်ချင်တာကြောင့် ဂရင်းဝုဒ်ကို လဲခဲ့ခြင်း ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ တောင်ပံဖြတ်တင်ဘောကနေ ရရှိခဲ့တဲ့ အခွင့်အရေး ၁ကြိမ်ကို ပိတ်သွင်းရာမှာ ဘားထိထွက်သွားခဲ့ပါတယ်။
ရန်းနစ်က “ဂိုးမရှိ သရေဖြစ်နေချိန် ကျွန်တော်တို့ ပိုကောင်းတဲ့ အခိုက်အတန့်တွေကို ဖန်တီးနိုင်ဖို့အတွက် ဘရူနိုကို ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဖာနန်ဒက်စ်က ဦးဆောင်ဂိုးရဖို့အတွက် အကောင်းဆုံး အခွင့်အရေး ရခဲ့ပါတယ်”

“မေဆင်က ကောင်းပေမဲ့ ကျွန်တော် တစ်ယောက်ယောက်ကို ထုတ်ဖို့ လိုပြီး ကွင်းလယ်လူတွေကို မထုတ်ချင်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော် ကာဗာနီ ဒါမှမဟုတ် မေဆင်ကို လူလဲဖို့ စဉ်းစားခဲ့ပြီး နောက်ဆုံးမှာ မေဆင်ကိုပဲ လဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။
အဆိုပါ ပွဲစဉ်အတွင်း လူစားလဲမှုအပြင် ရန်းနစ်ရဲ့ ၄-၂-၂-၂ ကစားကွက်ကိုလည်း သုံးသပ်သူ ဂျေမီ ရက်ပ်နက်က ဝေဖန်သွားခဲ့ပါတယ်။

ရက်ပ်နက်က “ကျွန်တော်တို့ နည်းပြအကြောင်း ပြောနေတဲ့အချိန် သူက ၄-၂-၂-၂ ကစားကွက်နဲ့ ကျော်ကြားခဲ့ပေမဲ့ အဲ့ဒါက အလုပ်မဖြစ်ပါဘူး။   ဒီလိုအသင်းကို ကိုင်တွယ်တဲ့အခါ အရင်က ဘာအကွက်ပဲ ကစား၊ ကစား မှန်ကန်တဲ့ ကစားသမားတွေ ရှိဖို့ လိုပါတယ်”

“သူ ခံစစ် ၃ယောက်တန်း ကစားခဲ့ပြီး ဒီနေ့ကျ ၄-၄-၂ပုံစံ ဖြစ်သွားပြန်ပါတယ်။ သူ ကစားကွက်တွေ စမ်းနေတယ်လို့ ထင်ပါတယ်။ သူတို့ ဘာအကွက်နဲ့ ကစားဖို့ ကြိုးစားနေတာလဲဆိုတာ ခုထိ သေချာမသိရသေးပါဘူး”လို့ ဆိုခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂရင်းဝုဒ် #ရန်းနစ်