ရှေ့သို့
Image

မက်ဂွာရီမကစားနိုင်တာကြောင့် ၂ နှစ်ကြာမှ ပွဲထွက်ခွင့်ပြန်ရတော့မယ့် ဖီးလ်ဂျုံးစ်

7:55 PM, 3 January

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွာရီကတော့ ယနေ့ညမှာ ကစားမယ့် ဝုဗ်နဲ့ပရီးမီးယားလိဂ်ပွဲစဉ်ကို မပါဝင်နိုင်တာကြောင့် နည်းပြရာ့ဖ်ရန်နစ်အတွက် ဗဟိုခံစစ်နေရာမှာ ရွေးချယ်စရာ နည်းပါးနေတယ်လို့ သိရပါတယ်။ 

ယူနိုက်တက်ဟာ အဆင့် ၄ နေရာက အာဆင်နယ်ကို အမီလိုက်နိုင်ဖို့အတွက် ရမှတ် ၄ မှတ်သာ လိုအပ်တော့သလို နည်းပြဟောင်း အိုလီဂန်နာဆိုးလ်ရှားကို ထုတ်ပယ်ပြီးနောက်ပိုင်း ပြိုင်ပွဲစုံ ၉ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကောင်းကိုလည်း ဆက်ထိန်းနိုင်ဖို့ လိုအပ်နေပါတယ်။ လက်ရှိယူနိုက်တက်ရဲ့ ခံစစ်မှာ ဗစ်တာလင်ဒီလော့ဖ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသလို အဲရစ်ဘိုင်လီကလည်း ဘန်လေကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် ခံစစ်ပိုင်းပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ 

ဝုဗ်နဲ့ကစားမယ့် ယူနိုက်တက်ရဲ့ လူစာရင်းမှာလည်း ဘန်လေနဲ့ပွဲတုန်းက ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အသင်းခေါင်းဆောင် မက်ဂွာရီကလည်း ပါဝင်နိုင်ခြင်း မရှိပြန်ပါဘူး။ အဲ့ဒါကြောင့် ယူနိုက်တက်စီနီယာအသင်းမှာ ခံစစ်ကစားသမားစစ်စစ်ဆိုလို့ ဗာရာနီနဲ့ ဖီးလ်ဂျုံးစ်နှစ်ဦးသာ ရှိပါတော့တယ်။ ဖီးလ်ဂျုံးစ်အတွက်တော့ ၂ နှစ်ကျော်ကြာမှ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ပွဲစဉ် ပြန်ကစားခွင့်ရတော့မှာလည်း ဖြစ်ပါတယ်။ 

ဂျုံးစ်ဟာ ၂၀၂၀ နှစ်စပိုင်းက ထရန်မဲရိုဗားစ်အသင်းကို ၆-၁ နဲ့ နိုင်ခဲ့တဲ့ FA ဖလားပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ယူနိုက်တက်အတွက် တစ်ပွဲမှ မကစားနိုင်ခဲ့ပါဘူး။ အဲ့ဒီနောက်ပိုင်းလည်း ပြင်းထန်တဲ့ ဒူးဒဏ်ရာကို ကျော်လွှားခဲ့တာကြောင့် သူ့ဘဝရဲ့ အနိမ့်ပါးဆုံး အချိန်တွေကို ရင်ဆိုင်ခဲ့ရပေမယ့် ယူနိုက်တက်ရဲ့ တံခါးပိတ်ခြေစွမ်းပွဲလေးတွေမှာတော့ ကြံ့ခိုင်မှုစမ်းသပ်တဲ့အနေနဲ့ ပါဝင်ကစားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့လတုန်းကတော့ ဂျုံးစ်ကို ပေါ်တူဂီကလပ် ဘင်ဖီကာက ဇန်နဝါရီမှာ အငှားနဲ့ခေါ်ယူချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အခုတော့ ဝုဗ်နဲ့ကစားရမယ့်ပွဲစဉ်မှာတော့ ယူနိုက်တက်ရဲ့ ပွဲထွက် ၁၁ ယောက်စာရင်းထဲမှာ ပြန်လည်ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။ ယူနိုက်တက်ရဲ့ ဒဏ်ရာပြဿနာတွေကြောင့် ခံစစ်မှာ ရွေးချယ်စရာနည်းပါးခဲ့တဲ့အတွက်လည်း ဘန်လေနဲ့ပွဲစဉ်မှာ ဗာရာနီကို အနားပေးခဲ့တာ ဖြစ်ပါတယ်။ 

လင်ဒီလော့ဖ်ကတော့ ဒီဇင်ဘာ ၁၁ ရက်နေ့က နောဝစ်ချ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အသက်ရှုရခက်တဲ့ ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်ပိုင်း ပွဲမကစားနိုင်တော့တာ ဖြစ်ပါတယ်။ ကိုဗစ်ကူးစက်မှုတွေကြောင့် အသင်းရဲ့ ထရိန်နင်ကွင်းကို ၁၆  ရက်ခန့် ပိတ်ခဲ့ပြီး ဒီဇင်ဘာ ၂၇ ရက်နေ့မှာ နယူးကာဆယ်နဲ့ ပြန်ကစားခဲ့ပြီး ၁-၁ သရေကျခဲ့ပါတယ်။ အဲ့ဒီပွဲမှာလည်း လင်ဒီလော့ဖ် မပါဝင်နိုင်ခဲ့ပြန်ပါဘူး။ 

#မန်ချက်စတာယူနိုက်တက် #ဖီးလ်ဂျုံးစ်