ရှေ့သို့
Image

အငြင်းပွားဖွယ် အင်တာဗျူးပြီးနောက် Facebook Bio မှာ အင်တာမီလန်လို့ ပြောင်းခဲ့တဲ့ လူကာကူ

1:10 PM, 3 January

ချဲလ်ဆီးတိုက်စစ်မှူး ရိုမီယူလူကာကူကတော့ ပြီးခဲ့တဲ့အပတ်က အငြင်းပွားဖွယ်ရာ အင်တာဗျူး ထွက်ပေါ်လာပြီးနောက်မှာ သူ့ရဲ့ ဖေ့စ်ဘုတ်အကောင့် Bio ကို ပြောင်းသွားတဲ့ပုံစံက စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ Sky Italia နဲ့ အင်တာဗျူးမှာ လူကာကူက “လက်ရှိအခြေအနေကို ပျော်မနေဘူး ” ဆိုပြီး ပြောသွားခဲ့ပါတယ်။ ချဲလ်ဆီးမှာကစားရတာ မပျော်ဘူးလို့ဆိုတာပဲ ဖြစ်ပြီး စတမ်းဖို့ဒ်ဘရစ်ဂျ်ဟာ သူ့ရဲ့စတုတ္ထဦးစားပေးသာဖြစ်ပြီး အနာဂတ်မှာ အင်တာမီလန်ကို ပြန်မယ်ဆိုပြီး ပုံမှန်လိုလို ပြောလေ့ရှိပါတယ်။

ချဲလ်ဆီးတိုက်စစ်မှူးရဲ့ စကားကို နည်းပြသောမတ်စ်တူချယ်ကိုယ်တိုင်လည်း စိတ်ပျက်နေပြီး ၂-၂ သရေကျခဲ့တဲ့ လီဗာပူးနဲ့ ပွဲစဉ်မှာဆိုရင် လူစာရင်းကနေပါ ချန်လှပ်ထားခဲ့ပါတယ်။ မျက်စိလျင်လွန်းတဲ့ ပရိသတ်တွေကတော့ လူကာကူရဲ့ တရားဝင်ဖေ့စ်ဘုတ်ပေ့ဂျ်က အပြောင်းအလဲ သေးသေးလေးကိုတောင် သတိထားမိသွားကြပါတယ်။

ဘယ်လ်ဂျီတိုက်စစ်မှူးဟာ profile ပုံနဲ့ ကာဗာပုံတွေမှာတော့ ချဲလ်ဆီးရဲ့အပြာရောင်တွေ ပြည့်နေပေမယ့်လည်း သူ့ရဲ့ Bio မှာတော့ ရိုးရိုးရှင်းရှင်း “ Inter Milan ” ဆိုပြီး အံ့အားသင့်ဖွယ် ရေးထားတာ တွေ့ရပါတယ်။ လူကာကူရဲ့ အင်တာဗျူးမှာ ပြောခဲ့တဲ့စကားတွေကလည်း ချဲလ်ဆီးအတွက်တော့ ကျေနပ်စရာမဟုတ်ခဲ့ပါဘူး။  လူကာကူက “ အင်တာကို ပြန်ဖို့ကျွန်တော့် နှလုံးသားထဲကနေ ဆန္ဒရှိပါတယ်။ ကစားသမားဘ၀ အဆုံးသတ်ချိန်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုလည်း ဆုဖလားတွေ ရယူနိုင်နေတုန်းပါပဲ ” ဆိုပြီး ပြောခဲ့ပါတယ်။

အဲဗာတန်နဲ့ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်းဟာ အင်တာမီလန်အတွက် ၁၁ နှစ်ကြာဝေးကွာခဲ့တဲ့ စီးရီးအေချန်ပီယံဆုကို ရယူခဲ့ပြီးနောက် လန်ဒန်ကလပ်ကို ပေါင် ၉၇.၅ သန်းနဲ့ လန်ဒန်ကလပ်ကို ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးကို ပြန်ရောက်ချိန်မှာတော့ ထင်ထားသလိုဖြစ်မလာခဲ့ပဲ ပရီးမီးယားလိဂ် ၁၃ ပွဲသာ ကစားခဲ့ပြီး သွင်းဂိုး ၅ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ခြေကျင်းဝတ်ဒဏ်ရာနဲ့ ကိုဗစ်ကူးစက်မှုတွေပါ ကြုံတွေ့ခဲ့ရတာကြောင့် ချဲလ်ဆီးအသင်းရဲ့ နောက်ပိုင်းပွဲစဉ်တွေကိုလည်း ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။

တူချယ်ကတော့ “ သူက ကျွန်တော့်ကစားသမားပါ၊ ကျွန်တော်တို့အသင်းသား အဖြစ်ရှိနေတုန်းပါပဲ၊ အဲ့ဒီတော့ ကိုယ့်ကစားသမားကိုယ် ကာကွယ်သွားမှာပါ။ အရင်ဆုံးချင့်ချိန်ဖို့လိုပါတယ်၊ မီဒီယာတွေရဲ့ ကောလဟာလတွေ၊ ဖိအားတွေကို နားထောင်နေလို့လည်း မရဘူး။ သူဘာပြောသွားလဲ၊ ဘာလို့ပြောလဲဆိုတာ အရင်ဆုံးသိဖို့လိုအပ်တယ်။ ပြီးတော့မှ ဗုဒ္ဓဟူးနေ့မှာ သူအဆင်ပြေမပြေ ဆုံးဖြတ်ရမယ်။ ကျွန်တော်တို့ စကားပြောရဦးမှာဖြစ်လို့ လက်ရှိအခြေအနေကိုတော့ မပြောပြနိုင်သေးဘူး။ အခြေအနေက ရှင်းတယ်ဆိုတော့ ကိုယ့်ကစားသမားကိုယ်တော့ သေချာကာကွယ်ရမှာပဲ ” ဆိုပြီး ပြောသွားခဲ့ပါတယ်။

#ချဲလ်ဆီး #အင်တာမီလန် #လူကာကူ #တူချယ်