ရှေ့သို့
Image

အာဆင်နယ်၊ အဲဗာတန်တို့နဲ့အပြိုင် ကော်တင်ဟိုကိုခေါ်ယူဖို့ ကြိုးစားလာတဲ့ တော့တင်ဟမ်

5:33 PM, 2 January

တော့တင်ဟမ်ဟာ ဘာစီလိုနာမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတဲ့ ဖီလစ်ပီကော်တင်ဟိုကို ခေါ်ယူနိုင်ဖို့ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်၊ အဲဗာတန်တို့နဲ့အပြိုင် ကြိုးစားလာတယ်လို့ သိရပါတယ်။ နည်းပြ အန်တိုနီယိုကွန်တီနဲ့ အားကစားဒါရိုက်တာ ဖေဘီယိုပါရာတီချီတို့ဟာ အသင်းရဲ့ ကွင်းလယ်ဖန်တီးမှုပိုင်းကို အဆင့်မြှင့်တင်လိုနေပြီး အပြောင်းအရွှေ့ကာလအတွင်း ကွင်းလယ်တိုက်စစ် ကစားသမားတစ်ဦးကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ 

စပိန်သတင်းတွေကတော့ ဘရာဇီးသားဟာ ဒီဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ကွင်းလယ်တိုက်စစ်ကစားသမား ရှာဖွေနေတဲ့ အသင်းတွေအတွက် အသင့်တော်ဆုံး ပစ်မှတ်တစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ အဲဗာတန်ကလည်း ၂၉ နှစ်သားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် လန်ဒန်နှစ်သင်းနဲ့ အပြိုင်ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ 

ကော်တင်ဟိဟာ လီဗာပူးကနေ ၂၀၁၈ ဇန်နဝါရီမှာ ပေါင် ၁၄၆ သန်းဆိုတဲ့ အလွန်မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပေမယ့်လည်း စပိန်မြေမှာတော့ ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့ပဲ ၂၀၁၉-၂၀ ရာသီမှာ ဘိုင်ယန်မြူးနစ်ကို အငှားထွက်ကစားခဲ့ရပါတယ်။ ဘာကာကလည်း ကော်တင်ဟိုကို ပေးနေရတဲ့ တစ်ပတ်လစာ ပေါင် ၃၇၀၀၀၀ ဆိုတဲ့ ကြီးမားလွန်းတဲ့ ကုန်ကျစရိတ်ကို လျှော့ချလိုနေတာကြောင့် တတ်နိုင်သမျှ ဈေးလျှော့ပြီး ပေါင် ၁၆ သန်းလောက်လေးနဲ့တောင် ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။ 

ကော်တင်ဟိုရဲ့ ကိုယ်စားလှယ်တွေကတော့ အဲဗာတန်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ပြီး နည်းပြရာဖေးလ်ဘင်နီတက်ဇ်ရဲ့ အသင်းဟာ သူ့ရဲ့ ၆ ယောက်မြောက် ကစားသမားသစ်အဖြစ် ဒိုင်နမိုကိဗ်အသင်းက ဘယ်နောက်ခံအစွန်လူ ဗစ်တာလီမိုင်ကိုလန်ကို ကိုပေါင် ၁၈ သန်းနဲ့ ခေါ်ယူထားပြီး ဖြစ်ပါတယ်။ 

ကော်တင်ဟိုဟာ စပိန်မြေကို ရောက်ရှိပြီးနောက် ဘာစီလိုနာအတွက် ၇၆ ပွဲသာ ကစားထားပြီး သွင်းဂိုး ၁၇ ဂိုးသွင်းယူထားပါတယ်။ ကော်တင်ဟိုအနေနဲ့ကတော့ နိမ့်ကျသွားတဲ့ သူ့ရဲ့ကစားသမားဘဝကို တတ်နိုင်သမျှ အမြန်ဆုံးပြန်လည် မြှင့်တင်ဖို့ ကြိုးစားနေပါတယ်။ လာလီဂါချန်ပီယံ ၂ ကြိမ်၊ ကိုပါဒယ်ရေး ၂ ကြိမ်၊ ဘွန်ဒက်လီဂါနဲ့ ချန်ပီယံလိဂ် ၁ ကြိမ်စီ ရရှိထားသော်လည်း နည်းပြဇာဗီကတော့ ကော်တင်ဟိုကို ရောင်းထုတ်လိုနေပါတယ်။ 

#တော့တင်ဟမ် #အဲဗာတန် #ကော်တင်ဟို