ရှေ့သို့
Image

သိပ်ကောင်းတဲ့ပလေယာအဖြစ် ကော်တင်ဟို ဆက်ရှိနေဆဲလို့ ဂျွန်ဆင် ထောက်ခံ

2:27 PM, 2 January

ဘာစီလိုနာအသင်းကွင်းလယ်လူ ကော်တင်ဟိုအနေနဲ့ သိပ်ကောင်းတဲ့ ပလေယာအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး ပရီးမီးယားလိဂ်ကို ပြန်ရောက်လာရင် နွေးထွေးစွာကြိုဆိုခံရလိမ့်မယ်လို့ လီဗာပူးအသင်းဖော်ဟောင်း ဂလင်းဂျွန်ဆင်က ပြောပါတယ်။ ကော်တင်ဟိုဟာ ဇန်နဝါရီလအတွင်း ပရီးမီးယားလိဂ်ကို ပြန်ရောက်လာလိမ့်မယ်လို့ သတင်းကြီးနေပြီး သူ့ကိုခေါ်ယူဖို့ အာဆင်နယ်၊ တော့တင်ဟမ်၊ အဲဗာတန်နဲ့ နယူးကာဆယ်တို့က အပြိုင် စိတ်ဝင်စားနေပါတယ်။

စပိန်သတင်းစာတွေရဲ့ဖော်ပြချက်အရ ဘာစီလိုနာဟာ အသင်းမှာ လုပ်ခလစာလျှော့ချနိုင်ရေးအတွက် ကော်တင်ဟိုကို နွေရာသီမှာ အသင်းကနေ ထွက်ခွာခွင့်ပြုဖွယ်ရှိနေတယ်လို့ သိရပြီး လွန်ခဲ့တဲ့ ၄ နှစ်က လီဗာပူးကနေ ပေါင်၁၄၂သန်းနဲ့ ရောက်လာပြီးနောက် ယခုအခါ ပရီးမီးယားလိဂ်ကို ပြန်ရောက်လာဖို့များနေပါတယ်။ ''ဘာစီလိုနာမှာ ကော်တင်ဟို ဘာဖြစ်လို့ ခြေစွမ်းမပြနိုင်တာလဲဆိုတာ ရှင်းပြဖို့ ခက်ပါတယ်။ သူက အံ့အားသင့်စရာကောင်းတဲ့ မယုံနိုင်ဖွယ်ပလေယာပါ။ သူက ဦးနှောက်နဲ့ ကစားတတ်သူပါ။ ဘာစီလိုနာမှာ နေရာစုံကြယ်ပွင့်တွေရှိနေလို့ သူခြေစွမ်းမပြနိုင်တာလည်း ဖြစ်နိုင်ပါတယ်''

''ဒါပေမဲ့ သူက ကစားသမားကောင်းတစ်ဦးဖြစ်ပပြီး ပရီးမီးယားလိဂ်ကို ပြန်ရောက်လာရင် ကြိုဆိုကြမှာဖြစ်သလို သူ့ကိုခေါ်တဲ့အသင်းအနေနဲ့ သိပ်ကောင်းတဲ့ခေါ်ယူမှုလုပ်နိုင်တာဖြစ်ပါလိမ့်မယ်''လို့ လီဗာပူးမှာ အတူတွဲကစားခဲ့ဖူးတဲ့ ဂျွန်ဆင်က ပြောပါတယ်။ စပိန်သတင်းစာ Sport ရဲ့ဖော်ပြချက်အရ ကော်တင်ဟိုဟာ အာဆင်နယ်ကို အငှားနဲ့ ပြောင်းရွှေ့ကစားဖို့ ပိုမိုစိတ်အားထက်နေတယ်လို့ သိရပါတယ်။

#ဘာစီလိုနာ #လီဗာပူး #ကော်တင်ဟို #ဂလင်းဂျွန်ဆင်