ရှေ့သို့
Image

မန်စီးတီးနဲ့ပွဲက အနီကတ်ပြစ်ဒဏ်ဟာ လက်ခံနိုင်ဖို့ ခက်ခဲကြောင်း မာဂယ်ဟေးစ် ဝန်ခံ

9:31 AM, 2 January

အာဆင်နယ်အသင်းဟာ ယမန်နေ့ညက အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်တွေနဲ့အတူ ဇယားထိပ်က မန်စီးတီးကို အိမ်ကွင်းမှာ ရှုံးခဲ့ပါတယ်။ ဂန်နားနောက်ခံလူ မာဂယ်ဟေးစ် ဒုတိယပိုင်းမှာ ထုတ်ခံခဲ့ရကာ ပွဲပြီးခါနီး ၃မိနစ် အလိုမှာတော့ ရိုဒရီက မန်စီးတီးအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပထမပိုင်းအတွင်း အကောင်းဆုံး ကစားနိုင်ခဲ့ပြီး ဆာကာရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းစပြီး ၁၀မိနစ်အကြာမှာတော့ မန်စီးတီးက ပင်နယ်တီကနေ ချေပဂိုး ပြန်သွှင်းသွားခဲ့ပါတယ်။ ဘာနာဒို ဆေးလ်ဗားအား ဇာခါက နောက်ကနေ ဆွဲလိုက်တာကို ကွင်းလယ်ဒိုင် စတူးဝတ် အက်ဒ်ဝဲလ်က ပင်နယ်တီ မပေးခဲ့ပေမဲ့ VARက ဆုံးဖြတ်ချက်ကို ပြန်ပြင်ကာ ပင်နယ်တီကန်ခွင့်ပေးခဲ့ပါတယ်။

မာရက်ဇ်က အဆိုပါ ပင်နယ်တီကို သွင်းယူကာ မန်စီးတီးအတွက် ချေပဂိုး သွင်းယူပေးသွားခဲ့ပါတယ်။ မာရက်ဇ်ပင်နယ်တီ မတိုင်ခင် မာဂယ်ဟေးစ်တစ်ယောက် အဝါကတ်ပြခံခဲ့ရပြီး ပင်နယ်တီ ကန်ပြီး ဆက်ကစားချိန် ဂျီးဆပ်စ်ကို တွန်းတိုက်ခဲ့တယ်လို့ ဆိုကာ ဒုတိယအဝါ ပြခံရပြီး ၂ဝါ၁နီနဲ့ ထွက်ခဲ့ရပါတယ်။

ပွဲအပြီးမှာ မာဂယ်ဟေးစ်က “အနီကတ်က လက်ခံရ ခက်ပါတယ်။ ဒါပေမဲ့ ဘာတွေဖြစ်နေလဲဆိုတာ ဘုရားပဲ သိနိုင်ပါတယ်။ ဒီအသင်းမှာ ကျွန်တော် တစ်စိတ်တစ်ပိုင်း ပါဝင်နေလို့ ဂုဏ်ယူပါတယ်။ တကယ့် တိုက်ပွဲဝင်စိတ်အပြည့်နဲ့ ကစားခဲ့ကြပါတယ်။ ကျွန်တော်တို့ နောက်ဆုံးထိ အတူတကွ ဆက်ကြိုးစားသွားမှာပါ။ ဒီအသင်းအတွက် ကျွန်တော် သေတဲ့အထိ ပေးဆပ်သွားမှာပါ။ ၂၀၂၂ခုနှစ်မှာ ဆက်ပြီး ခြေစွမ်းတိုးတက်အောင် ကြိုးစားကြပါစို့”ဆိုပြီး လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။

ပထမပိုင်းအတွက် အိုဒီဂတ်ကို စီးတီး ဂိုးသမား အီဒါဆန်က ဆွဲချခဲ့တဲ့အပေါ် VAR မကြည်ခဲ့ခြင်းကို ပရိသတ်တွေနဲ့ ကစားသမားဟောင်းတွေက ပေါက်ကွဲလျက် ရှိနေပါတယ်။ အသင်းခေါင်းဆောင် လာကာဇက်တီကလည်း အဆိုပါပွဲအပြီး စိတ်ပျက်နေမှုကို လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

“ကျွန်တော်တို့ ဒီဆုံးဖြတ်ချက်တွေနဲ့ ရှုံးဖို့ မထိုက်တန်ဘူးလို့ ထင်ပေမဲ့ ကျွန်တော့်အသင်းအတွက် ဂုဏ်ယူပြီး အမြဲအားပေးနေတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ နောက်ပွဲအတွက် ဆက်ကြိုးစားရပါမယ်”လို့ ဆိုခဲ့ပါတယ်။ တစ်ဖက်မှာ ဝက်စ်ဟမ်းနိုင်သွားပေမဲ့ အာဆင်နယ်က အဆင့်၄နေရာမှာ ရှိနေဆဲဖြစ်ပြီး မန်စီးတီးကတော့ ဇယားထိပ်မှာ ၁၁မှတ်ဖြတ် ဦးဆောင်နေခဲ့ပြီ ဖြစ်ပါတယ်။

#အာဆင်နယ် #မန်စီးတီး #ရိုဒရီ #မာဂယ်ဟေးစ်