ရှေ့သို့
Image

ဂန္တဝင်နည်းပြကြီးဖာဂူဆန်ရဲ့ အသက်၈၀ပြည့်မွေးနေ့ကို ဂုဏ်ပြုစာတမ်းဖြင့် မွေးနေ့ဆုမွန်ကောင်း တောင်းခဲ့ကြတဲ့ ယူနိုက်တက်ပရိသတ်များ

1:34 PM, 31 December

မန်ချက်စတာယူနိုက်တက်ရဲ့ ပရိသတ်တွေဟာ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ မွေးနေ့မတိုင်ခင်မှာဘဲ ဘန်လေနဲ့ကစားတဲ့ အိုးထရက်ဖို့ဒ်ကွင်းတွင် ခေါင်းစီးစာတမ်းကိုင်ဆောင်ကာ ကြိုတင် ဂုဏ်ပြု ခဲ့ကြပါတယ်။ အိုးထရက်ဖို့ဒ်ရဲ့ ကွင်းစင်ပေါ်တွင် ကြီးမားလှတဲ့ စာတမ်းကြီးကို ယူနိုက်တက်ပရိသတ်များ ကိုင်ဆောင်ခဲ့ကြပြီး နှစ်သစ်တွင် အသင်းအပေါ် အောင်မြင်မှုများစွာ စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြကြီးအား မမေ့မလျော့ မွေးနေ့ဆုမွန်ကောင်း တောင်းပေးခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါစာတမ်းတွင် Happy 80 Sir Alex ဟု ရေးသားထားပြီး ယူနိုက်တက်ကိုယ်စားပြု အနီရောင်ကာလာကိုလည်း အောက်ခံမှာ ခြယ်ထားတာ တွေ့ရကာ  နည်းပြကြီးအတွက်လည်း ဂုဏ်ပြုသီချင်းတွေ ဆိုပေးခဲ့ကြပါတယ်။ ဘန်လေနဲ့ပွဲစဉ်ကို စကော့တလန်သားကြီး  ဖာဂူဆန်လည်း တက်ရောက်လာခဲ့ပြီး ကင်မရာမြင်ကွင်းမှာတော့ မွေးနေ့လက်ဆောင်ဘူးအသေးလေးကို ကိုင်ဆောင်ထားကာ ယူနိုက်တက်ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုအပေါ် ပြုံးပျော်နေခဲ့တာလည်း တွေ့ခဲ့ရပါတယ်။

ဖာဂူဆန်ဟာ  ယူနိုက်တက်နှင့် အင်္ဂလန်မှာ အအောင်မြင်ဆုံး နည်းပြတစ်ဦး ဖြစ်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဖလား ၁၃ကြိမ်အပါအဝင် ဆုဖလားပေါင်း ၃၈လုံး ရယူပေးခဲ့ပါတယ်။ ၎င်းဟာ သမိုင်းဝင် ကမ္ဘာအဆင့် ကစားသမားဖြစ်လာမယ့် ရော်နယ်ဒိုကို ခေါ်ယူပြီး ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဆရာတစ်ဆူ ဖြစ်ပါတယ်။ ၂၀၁၃ခုနှစ်မှာ ဖာဂူဆန် ယူနိုက်တက်နည်းပြကနေ အနားယူသွားခဲ့ပြီး အသင်းဟာလည်း နောက်ပိုင်းမှာ အောင်မြင်မှုတွေနဲ့အလှမ်းဝေးနေခဲ့ပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ဘန်လေနဲ့ပွဲမှာတော့ ဖာဂူဆန်နှင့် ယူနိုက်တက်ပရိသတ်တွေ ပျော်ခဲ့ရပြီး ပွဲအစ ၈မိနစ်မှာတင် သရဲနီတွေ အဖွင့်ဂိုး ရခဲ့ပါတယ်။အဲဒီနောက်တော့ ၂ဂိုးထပ်ရခဲ့ပြီး ၃၈မိနစ်မှာ ချေပဂိုးတစ်ဂိုး ဘန်လေထံ ပြန်ပေးခဲ့ရပေမယ့် ပွဲအပြီးအထိ ၃-၁ဂိုးဖြင့် အဆုံးသတ်ကာ အနိုင်ရလဒ် ယူနိုင်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘန်လေ #ရော်နယ်ဒို #ဖာဂူဆန်