ရှေ့သို့
Image

ချန်ပီယံလိဂ်ဝင်ခွင့်ရရေးထက် ပိုနိုင်တဲ့ အလားအလာတွေရှိနေတယ်လို့ ရန်းနစ် အခိုင်အမာပြော

12:03 PM, 31 December

ယူနိုက်တက်အသင်းနည်းပြ ရန်းနစ်က အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရေးထက် ပိုနိုင်တဲ့အလားအလာတွေ အများကြီးရှိနေတယ်လို့ အခိုင်အမာပြောပါတယ်။ ယူနိုက်တက်ဟာ ယမန်နေ့ညက ဘန်လေကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် အဆင့် ၆ နေရာ ပြန်ရောက်လာပြီး အဆင့် ၄နေရာက အာဆင်နယ်နဲ့ ၄မှတ်အကွာ ၁ပွဲလျော့ အနေအထား ဖြစ်လာပါတယ်။

ဒါပေမဲ့ ရန်းနစ်ကတော့ သူ့အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ထက် ပိုမြင့်မားတဲ့ပစ်မှတ်တွေ ထားရှိသွားမယ်လို့ အရိပ်အမြွက်ပြောပါတယ်။ ''ထိပ်ဆုံး ၄သင်းစာရင်းဝင်ဖို့က အမြင့်ဆုံးရည်မှန်းချက်ဆိုပြီး ကျွန်တော် မပြောလိုပါဘူး။ နောက်ထပ်ဖွံ့ဖြိုးတိုးတက်တဲ့အဆင့်တွေ ကျော်ဖြတ်ရမှာဖြစ်ပြီး အခုဆိုရင် ၈ပွဲဆက်ရှုံးပွဲမရှိကစားထားပါတယ်''လို့ ရန်းနစ်က ပြောပါတယ်။

မနက်ဆိုရင် ဆောင်းဈေးကွက်ဖွင့်လှစ်တော့မှာဖြစ်ရာ ယူနိုက်တက်ပရိသတ်တွေဟာ လွန်ခဲ့တဲ့ ၂နှစ်က ဘရူနိုဖာနန်ဒက်စ်လို အောင်မြင်တဲ့အပြောင်းအရွှေ့မျိုး ထပ်မံမြင်တွေ့ရဖို့ ဆန္ဒပြင်းပြနေပါတယ်။ ဒါပေမဲ့ ရန်းနစ်က ဆိုးလ်ရှားဆီကနေ အသင်းကို လွှဲပြောင်းရယူပြီးနောက် အသင်းလူစာရင်း တောင့်တင်းစေဖို့အတွက် သတိကြီးကြီးထား ကိုင်တွယ်နေပြီး အပြောင်းအရွှေ့ပစ်မှတ်တွေကြောင်း အသင်းနဲ့တောင် ဆွေးနွေးရခြင်း မရှိသေးဘူးလို့ ပြောပါတယ်။

''ကျွန်တော်ကတော့ လက်ရှိအသင်းသားတွေကိုပဲ အာရုံစိုက်ထားပါတယ်။ လူစာရင်းကလည်း တောင့်တင်းပြီးသား ဖြစ်ပါတယ်။ ဆောင်းဈေးကွက်ဆိုတာ ကိုယ့်ကို ကူညီပေးနိုင်မှပဲ ဝင်တာ ပိုကောင်းပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အသင်းဘက်နဲ့ ဆွေးတောင်မဆွေးနွေးရသေးပါဘူး''လို့ ရန်းနစ်က ဆက်ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာနန်ဒက်စ် #ချန်ပီယံလိဂ် #ရန်းနစ်