ရှေ့သို့
Image

သီယိုဟာနန်ဒက်ဇ် အတွက် ဆွေးနွေးမှုလုပ်ဖို့ အေစီမီလန်ကို ကမ်းလှမ်းခဲ့တဲ့ ချဲလ်ဆီး

4:05 PM, 30 December

ချဲလ်ဆီးအသင်းဟာ အေစီမီလန် ဘယ်နောက်ခံလူ သီယိုဟာနန်ဒက်ဇ်ကို ကမ်းလှမ်းခဲ့ပေမယ့် အီတလီကလပ်ဘက်က ပြင်သစ်သားရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၅၀ ထိ သတ်မှတ်လိုက်တယ်လို့ သတိရပါတယ်။

ACL (ဒူးအရွတ်ဆုတ်ပြဲ) ဒဏ်ရာနဲ့ တစ်ရာသီလုံးနားရတော့မယ့် ဘယ်နောက်ခံလူ ဘန်ချီဝဲလ်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် ကစားသမားသစ်တစ်ဦး ချဲလ်ဆီးတို့ ရှာဖွေလျက်ရှိပါတယ်။  ချဲလ်ဆီးနည်းပြ တူချယ်အနေနဲ့ကတော့ လက်ရှိဘယ်နောက်ခံလူနေရာမှာ အသုံးပြုနေတဲ့ မားကို့စ်အလွန်ဆိုကို စိတ်တိုင်းမကျတာကြောင့်လည်း ခုလိုကစားသမားသစ် ရှာဖွေနေတာဖြစ်ပါတယ်။

လုကပ်ဒီဂ်နေး၊ နီကိုလက်စ်တာဂလီယာဖီကို၊ ဆာဂျီနိုဒက်စ်နဲ့ အီယန်မတ်ဆန်တို့ကလည်း လာမယ့်လထဲမှာ ချဲလ်ဆီးအသင်းကို ရောက်ရှိနိုင်တဲ့ ကစားသမားတွေအဖြစ် သတင်းကြီးနေပြီး အခုဆိုရင် ဟာနန်ဒက်ဇ်ကလည်း ချဲလ်ဆီးရဲ့ ပစ်မှတ်စာရင်းထဲကို ပါဝင်လာပါတယ်။ သတင်းတွေအရတော့ ဥရောပချန်ပီယံအသင်းဟာ ပြင်သစ်သားကို လာမယ့်လထဲမှာ ခေါ်ယူဖို့ဖြစ်နိုင်၊ မဖြစ်နိုင်ကို စီးရီးအေကလပ်ထံ ဆက်သွယ် စုံစမ်းခဲ့တယ်လို့လည်း သိရပါတယ်။

Tuttosport အီတလီကတော့ ပြင်သစ်သားကို နောက်လထဲမှာ ခေါ်ယူလို့ ရမရစီးရီးအေ ကလပ်ထံဆက်သွယ်စုံစမ်းခဲ့တဲ့ အသင်းတွေက ချဲလ်ဆီးအပါအဝင်၊ အခြားဥရောပ အသင်းကြီးတွေလည်း ရှိနေကြောင်း ဖော်ပြခဲ့ပါတယ်။ ဟာနန်ဒက်ဇ်ဟာ ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်အားသန် နောက်ခံအစွန်လူတစ်ဦးဖြစ်ပြီး ဆန်စီယိုကလပ်နဲ့ ၂၀၂၄ ထိ စာချုပ်သက်တမ်း ရှိနေပြီး ၂၀၂၆ ထိ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေကို မကြာသေးမီကမှ ရပ်တန့်ခဲ့ပါတယ်။

နောက်ဆုံးရလဒ်ကတော့ မီလန်ဟာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းကို ပေါင်သန်း ၅၀ တန်ကြေး သတ်မှတ်လိုက်ပြီး ဒီဈေးနှုန်းကို ပေးချေနိုင်ရင်တော့ ချဲလ်ဆီးအနေနဲ့ ဇန်နဝါရီမှာတင် ဟာနန်ဒက်ဇ်ကို ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ တရားဝင်ဆွေးနွေးမှုတွေ မရှိသေးပေမယ့်လည်း မန်စီးတီး၊ ပီအက်စ်ဂျီတို့ကလည်း စိတ်ဝင်ဝားနေတဲ့ ဟာနန်ဒက်ဇ်ကို အေစီမီလန်က တတ်နိုင်သမျှ ဆက်ထိန်းသွားဖွယ် ရှိနေပါတယ်။

ချဲလ်ဆီးနဲ့မီလန်ဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက အပြောင်းအရွှေ့တွေ များစွာပြုလုပ်ခဲ့ဖူးပါတယ်။ အိုဗီဗာဂီရော့ဒ်၊ ဖီကာယိုတိုမိုရီနဲ့ တီမူးဘာကာယိုကိုတို့ဟာ လန်ဒန်ကနေ အီတလီကို ပြောင်းရွှေ့ခဲ့ကြသော်လည်း အေစီမီလန်က ကစားသမားတစ်ယောက်မှ စတမ်းဖို့ဒ်ဘရစ်ဂျ်ကို မရောက်သေးပါဘူး။

တစ်ဆက်တည်းမှာ အေစီမီလန်ကလည်း အဓိကနောက်ခံလူ ဆိုင်မွန်ကေဂျာ ရာသီကုန်ထိ နားရတော့မှာဖြစ်တာကြောင့် ဗဟိုနောက်ခံလူသစ်တစ်ဦး ရှာဖွေလျက်ရှိပါတယ်။  အဲ့ဒါကြောင့် လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ချဲလ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်ကို ပစ်မှတ်အဖြစ် စိတ်ဝင်စားလာပြန်ပါတယ်။

#ချဲလ်ဆီး #အေစီမီလန် #အပြောင်းအရွှေ့ #တူချယ် #ဟာနန်ဒက်ဇ်