ရှေ့သို့
Image

နည်းပြရန်နစ်ရဲ့ ထရိန်နင်တွေကို လိုက်မီဖို့ ယူနိုက်တက်ကစားသမားတွေ ရုန်းကန်နေရ

3:23 PM, 30 December

အင်္ဂလန်ကိုရောက်တာ တစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ရာ့ဖ်ရန်နစ်အတွက်တော့ မန်ချက်စတာယူနိုက်တက် ယာယီနည်းပြဘဝမှာ ပထမဆုံးအကြိမ် အဓိကစိန်ခေါ်မှုနဲ့ ရင်ဆိုင်လာရပြီပဲ ဖြစ်ပါတယ်။ ဂျာမန်သားနည်းပြကြီး ရင်ဆိုင်ရမယ့် အဓိကပြဿနာတွေကတော့ အဝတ်လဲခန်းထဲက ပြဿနာတွေ၊ ထရိန်နင်မှာ တက်ကြွမှုရှိစေဖို့နဲ့ ပွဲထဲကတစ်ဦးချင်း စွမ်းဆောင်ရည်တွေ တိုးတက်ဖို့တို့ပဲ ဖြစ်ပါတယ်။

ဒေးလီးမေးလ်ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ရဲ့ အတွင်းမှာတင် ကစားသမားတွေကြားမှာ ဆက်ဆံရေးယိုယွင်းနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် နည်းပြသစ်ရန်နစ်ရဲ့ စတိုင်အသစ်နဲ့ ထရိန်နင်တွေကိုလည်း ယူနိုက်တက်ကစားသမားတွေ လိုက်နိုင်ဖို့ ရုန်းကန်နေကြရတယ်လို့ ဖော်ပြထားပါတယ်။ ထရိန်နင်အချိန်က ရှည်လျားလွန်းတာကြောင့် အင်္ဂါနေ့ ထရိန်နင်မှာဆိုရင် ကစားသမားတွေဟာ ညနေ ၅ နာရီမှ ပြန်ကြရတယ်လို့ သိရပါတယ်။

ဒီအချက်အတွက်ကိုတော့ ဂျာမန်နည်းပြကြီးဟာ ကာရင်တန်ကို ပြန်ဖွင့်ပြီးကတည်းက သူ့အသင်းရဲ့ ထရိန်နင်တွေဟာ အကန့်အသတ် ရှိခဲ့တာကြောင့် ဖြစ်ကြောင်းပြောခဲ့ပါတယ်။ အဝတ်လဲခန်းထဲက အသင်းစည်းလုံးမှု ယိုယွင်းမှုကိုတော့ နယူးကာဆယ်နဲ့ ၁-၁ သရေပွဲစဉ် အပြီးမှာ မန်ချက်စတာယူနိုက်တက် ခံစစ်မှူးဟောင်း ဂယ်ရီနဗီးလ်က အဓိကပြောသွားခဲ့တာ ဖြစ်ပါတယ်။ နဗီးလ်က ပွဲပြီးဆုံးချိန်မှာ စီနီယာတွေဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ ဘရူနိုဖာနန်ဒက်စ်တို့က

အသင်းရဲ့ လူငယ်ကစားသမားတွေနဲ့ စကားပြောဆိုခြင်းမရှိပဲ အဝတ်လဲခန်းထဲကို တန်းဝင်သွားတဲ့အချက်တွေကို ထောက်ပြခဲ့ပါတယ်။ အစောပိုင်းသတင်းတွေအရလည်း လူငယ်ကြယ်ပွင့် မေဆင်ဂရင်းဝုဒ်နဲ့ ဂန္တဝင်ကစားသမား ရော်နယ်ဒိုတို့ကြားမှာလည်း တင်းမာတဲ့ အခြေအနေလေးတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #နဗီးလ် #ရန်နစ်