ရှေ့သို့
Image

၁၇ နှစ်အရွယ် ဖရန့်ဖတ်တောင်ပံကစားသမားလေးကို ခေါ်ယူနိုင်ခဲ့တဲ့ ဘာစီလိုနာ

1:18 PM, 30 December

ဘာစီလိုနာအသင်းဟာ ဆောင်းရာသီအပြောင်းအရွှေ့ရဲ့ ဒုတိယမြောက် ကစားသမားခေါ်ယူမှုအဖြစ် ဘွန်ဒက်လီဂါကလပ် ဖရန့်ဖတ်မှ ၁၇ နှစ်အရွယ် တောင်ပံကစားသမားလေး ဖေဘီယိုဘလန်ကို ကိုခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါပြီ။ ကတ္တာလန်ကလပ်ဟာ ဘလန်ကိုကိုစောင့်ကြည့်ခဲ့တာ ကြာပြီဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီတုန်းက ဗလင်စီယာကနေ ဂျာမနီကို မပြောင်းမီ ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပါသေးတယ်။ တကယ်ခေါ်ယူနိုင်ခဲ့ခြင်းမရှိခဲ့ပေမယ့် အခုချိန်မှာတော့ ဘလန်ကိုကိုခေါ်ယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။

ဒါရီယိုစပေါ့ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ ဘလန်ကိုကိုနှစ်ရာသီခွဲ စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး ကုန်ကျစရိတ်မရှိဘူးလို့ သိရပါတယ်။ ပြောင်းရွှေ့ကြေးဘယ်လောက်ဆိုတာကို မဖော်ပြထားပေမယ့် ပထမအသင်းမှာ တန်းကစားခွင့်ရရင်တော့ အလွန်နည်းပါးတဲ့ ပြောင်းရွှေ့ကြေးသာ ပေးချေရနိုင်ပါတယ်။

လောလောဆယ်အစီအစဉ်အရတော့ ဘလန်ကိုဟာ နည်းပြဆာဂျီဘာဟွမ်ရဲ့ ဘာစီလိုနာဘီအသင်းနဲ့သာ အရင်ဦးဆုံး ပူးပေါင်းမှာဖြစ်ပါတယ်။ နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုကလည်း ဘာစီလိုနာနဲ့ ဘလန်ကိုရဲ့ အပြောင်းအရွှေ့က အပြီးသတ်သွားပြီဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဘလန်ကိုဟာ ဖရန့်ဖတ်ကို ဗလင်စီယာကနေ ပြီးခဲ့တဲ့နွေရာသီကမှ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဘွန်ဒက်လီဂါကလပ်နဲ့ ၂၀၂၃ ထိ စာချုပ်သက်တမ်း ရှိနေပါတယ်။ Sport သတင်းဌာနကတော့ ဖရန့်ဖတ်ဟာ စာချုပ်ချုပ်စဉ်က ဘလန်ကိုကိုပေးထားတဲ့ကတိအတိုင်း ပထမအသင်းမှာ ကစားခွင့်မပေးတာကြောင့် အခုလို အသင်းထပ်ပြောင်းရခြင်းဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

#ဘာစီလိုနာ #ဖရန့်ဖတ် #ရိုမာနို #ဖေဘီယိုဘလန်ကို