ရှေ့သို့
Image

နယူးကာဆယ်နဲ့ ပွဲမှာ ခြေစွမ်းဆိုးခဲ့ပေမဲ့ ဗာရာနီ-မက်ဂွါရီအတွဲကို ဆက်သုံးသွားမယ့် ရန်နစ်

10:47 AM, 30 December

ရက်ဖ် ရန်နစ်ဟာ နယူးကာဆယ်နဲ့ပွဲမှာ ခြေစွမ်းဆိုးခဲ့တဲ့ ဟယ်ရီ မက်ဂွါရီနဲ့ ရာဖေးလ် ဗာရာနီတို့အတွဲကို ဆက်သုံးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ယာယီနည်းပြက ကစားသမားတွေဟာ ပွဲစဉ်တွေအတွက် အသင့်ဖြစ်နေဖို့ လိုအပ်ပြီး လက်ရှိမှာ သူလိုချင်တဲ့အတိုင်း တိုးတက်မလာသေးဘူးလို့ ဝန်ခံခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ နယူးကာဆယ်နဲ့ပွဲစဉ်မှာ အခြေအနေဆိုးခဲ့ပြီး ကာဗာနီရဲ့ ချေပဂိုးကြောင့်သာ သရေရလဒ် ရရှိခဲ့ပါတယ်။ ဗာရာနီဟာ အောက်တိုဘာလက တံကောက်ကြောဒဏ်ရာ ရခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အသင်းအတွက် ပွဲထွက်ကာ မက်ဂွါရီနဲအတူ ပါဝင်ခဲ့ပေမဲ့ နယူးကာဆယ်တိုက်စစ်ကို လုံး၀မထိန်းနိုင်ခဲ့ပါဘူး။

မက်ဆီမင်ရဲ့ ဦးဆောင်ဂိုးမှာ ပြင်သစ်သားရဲ့ အမှားပါဝင်ခဲ့ပြီး မက်ဂွါရီကလည်း ဘာမှတားဆီးနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ လင်ဒီလော့ဖ်မှာ ကိုဗစ်ပိုး တွေ့ရှိထားချိန် ရန်းနစ်က အဆိုပါ ခံစစ်အတွဲကို ယနေ့ည ဘန်လေနဲ့ပွဲမှာ အသုံးပြုဖို့ အသင့်ဖြစ်နေကြောင်း ပြောခဲ့ပါတယ်။

ရန်းနစ်က “၃လအတွင်း ဗာရာနီက သိပ်မကစားရပါဘူး။ သူ ပထမဂိုးမှာ အမှားလုပ်ခဲ့တာ ဟုတ်ပေမဲ့ အဲ့ဒီအပြင် သူ ကစားတာ အဆင်ပြေပါတယ်။ သူ အရမ်းအကောင်းကြီး မကစားနိုင်ခဲ့ပဲ မက်ဂွါရီလည်း တူတူပါပဲ။ သူတို့ ကစားတာ အဆင်ပြေပါတယ်။ ကျွန်တော်တို့ရဲ့ ပြဿနာက အကူးအပြောင်း အခိုက်အတန့်တွေ အများကြီး ခွင့်ပြုခဲ့တာ ဖြစ်ပြီး ဒါကခံစစ်မှူးတွေတင် မဟုတ်ပဲ ၁သင်းလုံးရဲ့ ပြဿနာပါ။ တိုက်စစ်ကနေ စပြီး ပါပါတယ်။ ဒီလိုအခြေအနေမျိုးမှာ နံပါတ်၁၀နေရာကိုလည်း အပြစ်ပြောနိုင်တာကြောင့် တစ်ဦးချင်းကိုလိုက်ပြီး ပြောနေမှာတော့ မဟုတ်ပါဘူး။ အသင်းလိုက်ကစားပုံက ဒီထက်ပို တိုးတက်ဖို့ လိုပါတယ်”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိမှာ ၂ပွဲလျော့ အနေအထားနဲ့ အဆင့်၄နေရာကို ၇မှတ် ကွာဟနေခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဗာရာနီ #နယူးကာဆယ် #မက်ဂွါရီ #ရန်နစ်