ရှေ့သို့
Image

ဖိုဒန်ဟာ ဘာမှကို သက်သေပြစရာမလိုတဲ့ ကစားသမားဖြစ်တယ်လို့ ဂွါဒီယိုလာ အမွှမ်းတင်

8:27 AM, 30 December

ပက် ဂွါဒီယိုလာက ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဖီးလ် ဖိုဒန်ဟာ ဘာမှကို သက်သေပြစရာမလိုတဲ့ ကစားသမားဖြစ်တယ်လို့ အမွှမ်းတင်ချီးကျူးသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဘရန့်ဖို့ဒ်ကို အနိုင်ယူကာ ဇယားထိပ်မှာ ၈မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပြီး အဆိုပါပွဲစဉ်အတွင်း ၁လုံးတည်းသော အနိုင်ဂိုးကို ဖိုဒန်က သွင်းယူပေးခဲ့ပတယ်။

ဂွါဒီယိုလာက ဖိုဒန်ရဲ့ ပြောင်မြောက်လှတဲ့ စွမ်းဆောင်ရည်အပေါ် ချီးကျူးခဲ့ပြီး ရှေ့ပွဲတွေက ချန်လှပ်ခံရပြီးနောက် အကောင်းဆုံး ပြန်လာနိုင်ခဲ့တဲ့အပေါ် အသိအမှတ်ပြုခဲ့ပါတယ်။ ဖိုဒန်နဲ့ ဂရီးလစ်ချ်တို့ဟာ နယူးကာဆယ်ကို ၄ဂိုးပြတ် နိုင်ခဲ့တဲ့ပွဲစဉ်မှာ အရန်ခုံမှာသာ ထိုင်ခဲ့ရပါတယ်။ ဖိုဒန်နဲ့ ဂရီးလစ်ချ်တို့ လိဒ်စ်ယူနိုက်တက်ကို ၇ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲမှာ ခြေစွမ်းပြခဲ့ကြပေမဲ့ ပွဲအပြီး သတင်းပို့ရာမှာ လက်မခံနိုင်စရာ အကြောင်းပြချက်ကြောင့် နောက်ပွဲမှာ ချန်လှန်ခံခဲ့ရပါတယ်။

ဂွါဒီယိုလာက “ဖိုဒန်က ကျွန်တော့်အတွက် ဘာမှကို သက်သေပြစရာ မလိုပါဘူး။ သူ့ကိုသူ သက်သေပြပြီး လူငယ်လေးလို ပျော်ပျော်ရွှင်ရွှင် ကစားနိုင်ဖို့ပဲ လိုပါတယ်။ အဲ့ဒါက အရေးအကြီးဆုံးပါ။ ဖိုဒန်က ကျွန်တော်တို့နဲ့ စတင်လေ့ကျင့်ကတည်းက ပြောင်မြောက်တဲ့ ခြေစွမ်းမျိုး ပြသထားခဲ့ပါတယ်။ သူ မတူညီတဲ့ နေရာတွေမှာ ကစားနိုင်ပြီး ပြောင်မြောက်တဲ့ အဆင့်တစ်ခုမှာ အမြဲကစားနိုင်ပါတယ်။ သူက ဘာသံသယမှ ဖြစ်စရာမလိုတဲ့ ကြီးကျယ်တဲ့ ကစားသမား၁ယောက်ပါ”လို့ ပြောခဲ့ပါတယ်။

ယမန်နေ့ည ပွဲချိန် ၁၆မိနစ်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ဖိုဒန်က ပြီးခဲ့တဲ့ အခြေအနေတွေကနေ လေ့လာခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ “ကျွန်တော် သေချာပေါက် သင်ခန်းစာယူခဲ့ပါတယ်။ ခရစ္စမတ်အချိန်မှာ ဘာမှမလုပ်ပဲနေလို့တော့ မရပါဘူး။ ဆက်ကြိုးစားနေပြီး အာရုံစိုက်ထားဖို့ လိုအပ်ပါတယ်။ အခုအချိန်အသင်းကလည်း အဲ့ဒီလိုလုပ်နေပြီး ကျွန်တော်တို့ အမှတ်အများဆုံး ရထားတာ အရမ်းကောင်းပါတယ်”လို့ ဆိုခဲ့ပါတယ်။

#မန်စီးတီး #ဘရန့်ဖို့ဒ် #ဂွါဒီယိုလာ #ဖိုဒန်