ရှေ့သို့
Image

ကစားသမား ၃ဦးကိုခေါ်ယူနိုင်ဖို့ ဒီလစ်ဂျ်ကို ရောင်းချဖွယ်ရှိနေတဲ့ ဂျူဗင်တပ်စ်

1:32 PM, 29 December

သတင်းတွေရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်ဟာ ကစားသမား ၃ဦးကိုခေါ်ယူနိုင်ရေးအတွက် နောက်ခံလူ ဒီလစ်ဂျ်ကို ရောင်းချဖွယ်ရှိနေပြီး အဲဒီအပြောင်းအရွှေ့တွေမှာ အေးဂျင့် ရိုင်အိုလာက အဓိကနေရာကနေ ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ်ဟာ ယခုရာသီမှာလည်း ဆက်လက်ရုန်းကန်နေရပြီး စီးရီးအေမှာ ထိပ်ဆုံးက အင်တာနဲ့ ၁၂ မှတ်အထိ ကွာဟနေရာ နည်းပြအယ်လီဂရီအနေနဲ့ ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်နိုင်ရေးအတွက် အသင်ကို အပြောင်းအလဲပြုလုပ်ဖွယ်ရှိနေပါတယ်။

ဂျူဗင်တပ်စ်ဟာ ဇန်နဝါရီလအတွင်း အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ဒီလစ်ဂျ်ကို ထုတ်ရောင်းကာ ရေရှည်စီမံကိန်းအတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အီတလီမီဒီယာတွေရဲ့ဖော်ပြချက်အရ ဂျူဗင်တပ်စ်ဟာ ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ်၊ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာနဲ့ အေစီမီလန်နောက်ခံလူ ရိုမက်နိုလီတို့ကို ခေါ်ယူနိုင်ရေးအတွက် နယ်သာလန်လက်ရွေးစင် ဒီလစ်ဂျ်ကို ထုတ်ရောင်းဖို့ အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။

ဗလာဟိုဗစ်ဟာ ယခုရာသီစီးရီးအေမှာ ၁၉ပွဲကစား ၁၆ဂိုးသွင်းယူကာ ဥရောပရဲ့အလားအလာအကောင်းဆုံးတိုက်စစ်မှူးတစ်ဦးအဖြစ် ရပ်တည်နေပြီး သူ့ရဲ့အေးဂျင့်ဖြစ်သူကလည်း ကစားသမားဖြစ်သူအတွက် ပိုကောင်းတဲ့အသင်းကို ရှာဖွေနေပါတယ်။ အသက် ၂၁နှစ်အရွယ်ရှိ ဆားဘီးယားလက်ရွေးစင်ကို ခေါ်ယူဖို့ တော့တင်ဟမ်နဲ့ မန်စီးတီးတို့က အပြိုင်စိတ်ဝင်စားနေပေမယ့် ကစားသမားဖြစ်သူကတော့ ပရီးမီးယားလိဂ်ထက် ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ပြီး စီးရီးအေမှာပဲ ဆက်ကစားလိုနေပါတယ်။

အေဂျက်စ်နောက်ခံလူဟောင်း ဒီလစ်ဂျ်ကို ခေါ်ယူဖို့ ဘိုင်ယန်နဲ့ ချဲလ်ဆီးတို့က အပြိုင်စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး သူ့ရဲ့အပြောင်းအရွှေ့ကနေ ဂျူဗင်တပ်စ်က အနည်းဆုံး ယူရိုသန်း ၈၀ ရဖွယ်ရှိနေရာ ဗလာဟိုဗစ်ကိုခေါ်ယူဖို့အတွက် လုံလောက်လာနိုင်ပါတယ်။ ပေါ့ဂ်ဘာနဲ့ ရိုမက်နိုလီတို့က လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ရာ ရိုင်အိုလာက အဓိကကျလာနိုင်ပါတယ်။

ရိုင်အိုလာဟာ ဒီလစ်ဂျ်၊ ပေါ့ဂ်ဘာနဲ့ ရိုမက်နိုလီတို့ရဲ့အေးဂျင့်အဖြစ် ဆောင်ရွက်နေရာ ဒီလစ်ဂျ်ရဲ့အပြောင်းအရွှေ့ဖြစ်ပေါ်လာရင် သူ့အတွက် အေးဂျင့်ခ ရလာနိုင်သလို ပေါ့ဂ်ဘာနဲ့ ရိုမက်နိုလီတို့ အသင်းပြောင်းသွားရင်လည်း ကော်မရှင်ခအများအပြားရဖွယ်ရှိနေပါတယ်။

#စီးရီးအေ #ဂျူဗင်တပ်စ် #ဗလာဟိုဗစ် #ဒီလစ်ချ်