ရှေ့သို့
Image

ဖလာမင်ဂို တိုက်စစ်မှူး ဂါဘရီရယ်ဘာဘိုဆာကို ခေါ်ယူရန် အာရုံစိုက်စိတ်ဝင်စားလာတဲ့ နယူးကာဆယ်

1:06 PM, 29 December

လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့တွင် ဖလာမင်ဂိုတိုက်စစ်မှူး ဂါဘရီရယ်ဘာဘိုဆာကို အငှားဖြင့် ခေါ်ယူရန် နယူးကာဆယ် စိတ်ဝင်စားလာခဲ့ကြောင်း သိရသည်။ နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ရန် စိတ်အားထက်သန်နေပြီး ဘင်ဖီကာတိုက်စစ်မှူး ဒါဝင်  နူနက်ဇ်ကို ခေါ်ယူရန် စောင့်ကြည့်နေပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် မယ်ရာရဲ့ ဖော်ပြချက်အရ ဘင်ဖီကာဘက်က တိုက်စစ်မှူး နူနက်ဇ်ကို ရောင်းချရန် ငြင်းဆန်နေတာကြောင့် ဘာဘိုဆာဘက်ကို မြှားဦးလှည့်လာတယ်လို့ဆိုပါတယ်။ သတင်းတွေအရ ဘရာဇီးကလပ် ဖလာမင်ဂိုဟာ အပြီးသတ်ခေါ်ယူခွင့် ၁၇ သန်း အချက်ပါဝင်ကာ ဘာဘိုဆာကို အငှားချနိုင်တယ်လို့ဆိုပါတယ်။

အင်တာမီလန် တိုက်စစ်မှူးဟောင်းဟာ နယူးကာဆယ်ထံ ပြောင်းရွှေ့ချင်သလား မသိရပေမယ့် စာချုပ်သက်တမ်း ၂၀၂၄ခုနှစ် ကုန်သည့်အထိ အသင်းမှာဘဲ ဆက်နေသွားချင်တယ်လို့ဖွင့်ဟထားပါတယ်။ အသက်၂၅နှစ်အရွယ် ဘာဘိုဆာဟာ ယခုနှစ်အတွင်း ကလပ်အတွက် ၁၄ဂိုးသွင်း ၅ဂိုး ဖန်တီးထားခဲ့ပါတယ်။ နယူးကာဆယ် နည်းပြ ဟိုဝီဟာ အသင်းရဲ့ အဓိကတိုက်စစ်မှူး ကော်လမ်ဝဲလ်ဆင် ဒဏ်ရာကြောင့် လပေါင်းများစွာ လက်လွတ်ရမယ်ဆိုတာ သိခဲ့ရတဲ့နောက် တိုက်စစ်မှူးတစ်ဦး အစားထိုး ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ၁-၁ သရေကျခဲ့တဲ့ တနင်္လာနေ့ပွဲမှာ ဝဲလ်ဆင်က ခြေသလုံးကြွက်သား ဆုတ်ပြဲဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ကာလရှည် အနားယူရဖွယ် ရှိနေသည်။ အလားတူ အဆိုပါပွဲမှာဘဲ တောင်ပံကစားသမား မက်စီမန်ဟာလည်း ခြေသလုံး ကြွက်သားဒဏ်ရာ ရခဲ့ပြီး ဖရေဆာဟာလည်း တံကောက်ကြောဒဏ်ရာ ရခဲ့ပါတယ်။

ဒါပေမဲ့ ဝဲလ်ဆင်ဟာ ဆောင်းရာသီတစ်ခုလုံး အနားယူရဖွယ် ရှိနေတာကြေင့် နယူးကာဆယ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ပါတယ်။ အသင်းမှာလည်း ကိုဗစ်ပိုး ဖြစ်ပွားသူ များနေတာကြောင့် ကြာသပတေးမှာ အဲဗာတန်နှင့် ကန်မယ့် ပွဲစဉ်အား ရွှေ့ဆိုင်းခဲ့ရတယ်လို့ပရီးမီးယားလိဂ်ဘက်က ကြေညာချက်ကို နယူးကာဆယ် နားလည်ထားပါတယ်။ မန်ချက်စတာယူနိုက်တက်ပွဲမှာဆိုရင် နယူးကာဆယ်ဟာ အရန်လူ ၉ယောက်အစား ၈ယောက်သာ ထည့်သွင်းခဲ့ရပြီး ဂိုးသမား ၂ဦးအထိ ထည့်သွင်းခဲ့ရပါတယ်။

#နယူးကာဆယ် #အပြောင်းအရွှေ့ #ဖလာမင်ဂို #ဘာဘိုဆာ