ရှေ့သို့
Image

အာဆင်နယ်နဲ့ ဂျွန်နသန်ဒေးဗစ်တို့ကြားမှာ အဓိကကျသူဖြစ်လာနိုင်တဲ့ အွန်နရီ

11:27 AM, 29 December

လိုင်လီတိုက်စစ်မှူးလေး ဂျွန်နသန်ဒေးဗစ်ကတော့ အူဘာမီယန်းရဲ့ နေရာမှာ အစားထိုးဝင်ရောက်ဖို့ အာဆင်နယ်နည်းစနစ် ဒါရိုက်တာ အီဒူးကို နောက်ထပ်မက်လုံးတစ်ခု ပေးသွားပြန်ပါတယ်။ ကနေဒါသားလေးကို အာဆင်နယ်ဂန္တဝင်ကြီး သီယာရီအွန်နရီရဲ့ အာဆင်နယ်ဂျာစီနဲ့ ဒူးတိုက်အောင်ပွဲခံနေပုံပါဝင်တဲ့ တီရှပ်ကို ဝတ်ဆင်ထားတာ မြင်တွေ့ခဲ့ကြရပါတယ်။

ဒေးဗစ်ဟာ မြောက်လန်ဒန်ကလပ်နဲ့ မကြာခဏ သတင်းထွက်လေ့ရှိသူဖြစ်ပြီး လာမယ့်နွေရာသီမှာလည်း ဂန်းနားတို့ရဲ့ အဓိကပစ်မှတ်အဖြစ် ရှိနေပြန်ပါတယ်။ အာဆင်နယ်ဟာ လက်ရှိအချိန်မှာလည်း တိုက်စစ်မှူးပြဿနာရှိနေပြီး နည်းပြအာတီတာကိုယ်တိုင်ကလည်း လူငယ်ကြယ်ပွင့်လေးကို အသင်းရဲ့ ပစ်မှတ်တစ်ခုအဖြစ် မှတ်ယူထားပါတယ်။ အွန်နရီကို idol သတ်မှတ်ထားသလို ဂန်းနားတစ်ယောက်လည်း ဖြစ်လာနိုင်တဲ့ ဒေးဗစ်ရဲ့ အပြောင်းအရွှေ့တွေနဲ့ ပက်သက်ပြီးအေးဂျင့် နစ်မာဗရိုမာရက်စ်ကတော့ ရေဒီယိုကနေဒါမှာ ပြောခဲ့ဖူးပါတယ်။

မာဗရိုမာရက်စ်က “ကျွန်တော်တို့အတွက်တော့ အဓိကအချက်က လိုင်လီနဲ့အကောင်းဆုံး ရာသီသိမ်းနိုင်ဖို့ပါ ဒါပေမယ့် အခြားရာသီတွေအတွက် ဒါကလိုင်လီမှာ သူ့အတွက် နောက်ဆုံးရာသီလည်း ဖြစ်သွားနိုင်တယ်”လို့ ပြောခဲ့ဖူးပါတယ်။

အာဆင်နယ်ကလည်း ဒေးဗစ်ကို ထိပ်တန်းကစားသမား တစ်ယောက်အဖြစ် သတ်မှတ်ထားပြီး လူငယ်ကြယ်ပွင့်လေး ၂၀၂၀ မှာ လိုင်လီကို မပြောင်းရွှေ့မီ ဘယ်လ်ဂျီယံကလပ် ဂျန့်မှာကတည်းက စောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။ ဒေးဗစ်ဟာ ဒီရာသီ လီဂူးဝမ်းမှာရော၊ ချန်ပီယံလိဂ်မှာပါ ခြေစွမ်းပြကစားနေပြီး ဥရောပရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ရာမှာလည်း အဓိကကစားသမား တစ်ယောက်အဖြစ်ခြေစွမ်းပြခဲ့ပါတယ်။ ဒေးဗစ်ဟာ လိုင်လီမှာ အကောင်းဆုံးပုံစံနဲ့ မစတင်နိုင်ခဲ့ပေမယ့်လည်း တဖြည်းဖြည်းနဲ့ တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

ဒိရာသီမှာ ကနေဒါလက်ရွေးစင်အသင်းအတွက်လည်း ကစားပေးခဲ့ပြီး လီဂူးဝမ်းသွင်းဂိုး ၁၁ ဂိုးထိ ရရှိထားခဲ့ပြီး လီဂူးဝမ်းရဲ့ ဂိုးအများဆုံးကစားသမားအဖြစ် ကီလီယန်ဘာပေ၊ လီယွန်နယ်မက်ဆီတို့ကိုတောင် အသာစီးရယူထားပါတယ်။ ဒေးဗစ်က အာဆင်နယ်ဂျာစီနဲ့ အွန်နီပုံပါတဲ့ ဝတ်စုံတွေကို မကြာခဏဝတ်ဆင်လေ့ရှိပြီး တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်ပါဘူး။

အာဆင်နယ်ပရိသတ်တစ်ယောက်လည်းဖြစ်တဲ့ ဒေးဗစ်က “ဥရောပကလပ်တွေက ကျွန်တော့်အိပ်မက်တွေကို အကောင်အထည်ဖော်ပေးမယ် အသင်းတွေပါ။ ကျွန်တော်ဘာကာပွဲတွေ အများကြီး ကြည့်ဖူးတယ်၊ သီယာရီအွန်နရီ၊ ပက်ထရစ်ဗီအဲရာတို့ပါဝင်တဲ့ အာစင်ဝင်းဂါးရဲ့ အာဆင်နယ်ပွဲတွေကိုလည်း ကြည့်ခဲ့ပါတယ်”လို့ ဖွင့်ဟဖူးပါတယ်။

အာဆင်နယ်ကလည်း လက်ရှိတိုက်စစ်မှာ အူဘာမီယန်းနဲ့ လာကာဇက်တီတို့ကိုပဲ အားကိုးနေရပြီး အူဘာမီးယန်းဆိုရင် မကြာသေးမီကမှ စည်းကမ်းပိုင်း ပြဿနာကြောင့် အသင်းလူစာရင်းကနေ ချန်လှပ်ခံရတဲ့အထိ ဖြစ်ခဲ့တာကြောင့် တိုက်စစ်မှာ လာကာဇက်တီတစ်ယောက်လောက်ပဲ ကျန်ပါတော့တယ်။ ဒါပေမယ့် ဒေးဗစ်ရဲ့ ပြောင်းရွှေ့ကြေးကတော့ ပေါင် ၄၇ သန်းလောက် ကုန်ကျနိုင်ပြီး အာဆင်နယ်အတွက်တော့ စဉ်းစားချင်စရာ ပမာဏတစ်ခုလည်း ဖြစ်ပါတယ်။

#အာဆင်နယ် #လိုင်လီ #အူဘာမီယန်း #ဂျွန်နသန်ဒေးဗစ်