ရှေ့သို့
Image

အဆုံးသတ်ပိုင်းအားနည်းမှုတွေကြောင့် လီဗာပူးက အရှုံးနဲ့ ထိုက်တန်ခဲ့တယ်လို့ ဗန်ဒိုက် ဝန်ခံ

8:34 AM, 29 December

ဗာဂျီ ဗန်ဒိုက်က လီဗာပူးအနေနဲ့ ယခုနှစ်ရာသီ ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်ချင်တယ်ဆိုရင် ဒီထက်ပိုတိုးတက်ဖို့ လိုကြောင်း ဝန်ခံခဲ့ပါတယ်။ လီဗာပူးနောက်ခံလူဟာ ကိုဗစ်ကူးစက်ခံရပြီးနောက် ယမန်နေ့ည လက်စတာနဲ့ပွဲစဉ်မှာ ပြန်ပါလာခဲ့ပေမဲ့ အသင်း ရှုံးပွဲကြုံတွေ့ရမှုကိုတော့ ဟန့်တားနိုင်ခြင်း မရှိခဲ့ပါဘူး။

လက်စတာအတွက် ၁လုံးတည်းသော အနိုင်ဂိုးကို လွတ်ခ်မန်းက သွင်းယူခဲ့ပေမဲ့ လီဗာပူးအသင်းက ဆာလက်ရဲ့ ပင်နယ်တီ၊ မာနေးရဲ့ အပိုင်အခွင့်အရေး လွဲချော်မှုတွေကြောင့် ရှုံးနိမ့်ခဲ့ပါတယ်။ ဗန်ဒိုက်က ယမန်နေ့ည ပွဲစဉ်အတွင်း လက်စတာက ပိုကောင်းခဲ့ကြောင်း ဝန်ခံခဲ့ပြီး အဆုံးသတ်အားနည်းမှုတွေကြောင့် ကင်းပါဝါမှာ ရှုံးခဲ့ရခြင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဗန်ဒိုက်က “သူတို့ နိုင်ပွဲနဲ့ ထိုက်တန်တယ်လို့ ထင်ပေမဲ့ ခုလိုရှုံးခဲ့တာ ကျွန်တော်တို့ကြောင့်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်ရပါမယ်။ ကျွန်တော်တို့ နောက်ဆုံး အဆုံးသတ်ပိုင်းမှာ ဆိုးရွားခဲ့တယ်လို့ ထင်ပါတယ်။ ဖြတ်တင်ဘော အများအပြား လုပ်ခဲ့ပြီး သူတို့ အကောင်းဆုံး ကာကွယ်သွားခဲ့ပါတယ်။ အလုံးစုံအားဖြင့်ဆို စွမ်းဆောင်ရည်က ကောင်းမွန်ခဲ့ခြင်း မရှိခဲ့ပါဘူး”

“သူတို့ အခွင့်အရေးသိပ်မဖန်တီးနိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာ သူတို့ အရမ်းကောင်းလာပြီး အန္တာရယ်ပေးလာနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ကြည့်ပြီး တိုးတက်အောင်လုပ်ရမှာပါ။ ဒါကဘောလုံးရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ ကျွန်တော်တို့ အဆုံးသတ်အထိ တိုက်ပွဲဝင်သွားမှာပါ။ ကျွန်တော်တို့ အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့ပေမဲ့ ကံမကောင်းစွာပဲ ဒီနေ့တော့ ဂိုးရအောင် မသွင်းနိုင်ခဲ့ပါဘူး။ ပင်နယ်တီလည်း လွဲချော်မှု ဖြစ်ခဲ့ပြီး ဒါမျိုးက ဖြစ်တတ်ပေမဲ့ စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

လက်စတာအတွက် လွတ်ခ်မန်းရဲ့ အနိုင်ဂိုးမှာ သူ့ရဲ့အမှားလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ကြောင်း ဗန်ဒိုက်က ဝန်ခံခဲ့ပါသေးတယ်။

“ဂိုးကတော့ လုံး၀ပေးချင်တာ မဟုတ်ပါဘူး။ လွတ်ခ်မန်းကို နေရာလွတ်ထဲ ပြေးဝင်ခွင့်ပြုခဲ့ပြီး ကံမကောင်းစွာပဲ သူကန်တာ ဂိုးသွားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အခြေအနေတွေကို ပြောင်းနိုင်တဲ့ အခိုက်အတန့်တွေလည်း ရှိခဲ့ပါတယ်။ ဒီဇင်ဘာလ ရောက်နေပြီဖြစ်တာကြောင့် ဘာမဆို ဖြစ်သွားနိုင်ပြီး ကိုဗစ်ရော ဒဏ်ရာပြဿနာရော ရှိနေတာကြောင့် အခြေအနေအများအပြား ပြောင်းလဲနိုင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

#လီဗာပူး #လက်စတာ #ဗန်ဒိုက်