ဟယ်ရီကိန်း-ဆွန်ဟောမင်-မိုရာ ၃ဦးတိုက်စစ်အတွဲရဲ့အားကို အစွမ်းကုန် ထုတ်သုံးဖို့ ကွန်တီ ဆန္ဒပြင်းပြနေ
1:35 PM, 28 December
ဟယ်ရီကိန်း တော့တင်ဟမ်အတွက် ဂိုးတွေပြန်သွင်းလာနိုင်မှုဟာ အစကတည်းက တိုက်စစ်မှူးရဲ့ ခြေစွမ်းအပေါ် သံသယမရှိခဲ့တဲ့ နည်းပြ အန်တိုနီယို ကွန်တီကို ပြုံးပျော်စေနိုင်တဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ကွန်တီက ဟယ်ရီကိန်းနဲ့အတူ တိုက်စစ်တွဲဖက်တွေဖြစ်တဲ့ ဆွန်ဟောင်မင်၊ မိုရာတို့ကိုပါ ၃ဦးတိုက်စစ်အတွဲအဖြစ် အင်အားကို အစွမ်းကုန် ထုတ်သုံးနိုင်ဖို့ ဆန္ဒပြင်းပြနေခဲ့ပါတယ်။
ကွန်တီက “ဒီကစားသမား၃ယောက်နဲ့ ဒီလိဂ်မှာ ဆက်ပြီး တိုးတက်အောင် ကစားဖို့က အရေးပါပြီး သူတို့အရည်အချင်းတွေနဲ့ အကောင်းဆုံးတွေကို ညှစ်ထုတ်နိုင်ဖို့ ကြိုးစားရပါမယ်” “ကျွန်တော်တို့ တိုက်စစ်က အရမ်းကောင်းတယ်ဆိုတာ ကောင်းကောင်းသိတာကြောင့် ဒီအခြေအနေတွေမှာ စွန့်စားတတ်ဖို့ ကြိုးစားရပါမယ်။ ကျွန်တော်တို့မှာ ဆွန်၊ ဟယ်ရီနဲ့ လူးကပ်စ်လို အရေးပါတဲ့ တိုက်စစ်မှူး ၃ဦး ရှိပါတယ်။ ပွဲတိုင်း ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီးနိုင်ပြီး ဟယ်ရီ ရှိနေတာကြောင့်လည်း ကျွန်တော့်အတွက်ရော အသင်းအတွက်ပါ ကောင်းပါတယ်”လို့ ပြောခဲ့ပါတယ်။
ပဲလေ့စ်နဲ့ တနင်္ဂနွေည ဘောက်ဆင်ဒေးပွဲစဉ်မှာ အဆိုပါ တိုက်စစ်မှူး ၃ဦးစလုံး ဂိုးသွင်းနိုင်ခဲ့ပြီး ယနေ့ညမှာလည်း ပွဲထွက်လာဖို့ ရှိနေပါတယ်။ တစ်ဖက်မှာတော့ ဆောက်သမ်တန်နည်းပြ ဟတ်ဆန်ဟတ်တီက အသွင်သစ်နဲ့ တော့တင်ဟမ်အသင်းကို မကြောက်ပဲ ကစားသမားတွေအနေနဲ့ ကွန်တီရဲ့ အသင်းနဲ့ ခြေရည်တူကစားနိုင်မယ်လို့ ယုံကြည်နေပါတယ်။
ဟတ်ဆန်ဟတ်တီက“သူတို့က လိဂ်မှာ အကောင်းဆုံး အသင်း၁သင်း ဖြစ်ပေမဲ့ ကျွန်တော်တို့ မကြောက်ပါဘူး။ ကျွန်တော်တို့ ထိပ်တန်းအသင်းတွေထံကနေ အမှတ်ယူနိုင်တယ်ဆိုတာ ပြသထားပြီးဖြစ်ပြီး ဒါကလည်း ကျွန်တော်တို့ရဲ့ ဒီညအစီအစဉ်ပါပဲ။ ကျွန်တော်တို့ အရာအားလုံးအတွက် တိုက်ပွဲဝင်သွားပါမယ်”လို့ ဆိုခဲ့ပါတယ်။