ရှေ့သို့
Image

မက်ဂွာရီအစား ဖီးလ်ဂျုံးစ်သာပြန်သုံးပါတော့လို ယူနိုက်တက်ပရိသတ်များ တောင်းဆို

11:04 AM, 28 December

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွာရီရဲ့ ခြေစွမ်းကတော့ ပရိသတ်တွေအတွက် စိုးရိမ်စရာဖြစ်လာခဲ့တာကြောင့် ပရိသတ်တွေက ဖီးလ်ဂျုံးစ်ကိုသာ ရာ့ဖ်ရန်နစ်ရဲ့ ပွဲထွက် ၁၁ ယောက်စာရင်းထဲမှာ ထည့်လိုက်ပါတော့ဆိုပြီး တောင်းဆိုလာကြပါတယ်။ ယူနိုက်တက်ဟာ ခံစစ်မှူးမက်ဂွာရီကို လက်စတာစီးတီးကနေ ၂၀၁၉ တုန်းက ပေါင်သန်း ၈၀ ထိ ပေးပြီး ခေါ်ယူခဲ့လို့ ဒါဟာ ခံစစ်ကစားသမား တစ်ဦးအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးလည်း ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် နည်းပြအိုလီဂန်နာဆိုးလ်ရှားလက်အောက်မှာ အသင်းခေါင်းဆောင် ရာထူးကိုပါ ရရှိခဲ့ပေမယ့်လည်း သူ့ရဲ့ခြေစွမ်းကတော့ တည်ငြိမ်မှုမရှိပဲ ၊ ပြီးခဲ့တဲ့လတွေမှာ ပြုလုပ်ခဲ့တဲ့ တစ်ဦးချင်းအမှားတွေကနေလည်း အသင်းရဲ့ရမှတ်တွေကို လျော့နည်းစေခဲ့ပါတယ်။ မနေ့ညက နယူးကာဆယ်နဲ့ပွဲစဉ်မှာ ပေးလိုက်ရတဲ့ အဖွင့်ဂိုးကြောင့်လည်း ယူနိုက်တက်အသင်းခေါင်းဆောင်ကတော့ ဝေဖန်မှုတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရပြန်ပါတယ်။

မက်ဂွာရီဟာ တစ်ဟုန်ထိုးပြေးလာတဲ့ အလန်စိန့်မက်ဆီမင်ကို မြင်ရဲ့သားနဲ့ ချက်ချင်းတားဆီးခြင်းမရှိပဲ ပြင်သစ်သားရဲ့ အဝေးကန်ချက်ကို ခွင့်ပြုခဲ့တာကြောင့် ပထမပိုင်းအစမှာတင် ၁၅ ကိုက်အကွာကနေ ဦးဆောင်ဂိုးပေးလိုက်ရပါတယ်။ မက်ဂွာရီရဲ့ ကစားပုံဟာ ဦးဆောင်ဂိုးပေးလိုက်ရချိန်မှာလည်း တည်ငြိမ်လာခြင်းမရှိပဲ ရာဖေးလ်ဗာရာနီနဲ့ အတွဲညီညီ ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။ ယူနိုက်တက်ပရိသတ်တွေကတော့ ခံစစ်မှူးရဲ့ ကစားပုံအားနည်းမှုတွေကြောင့် မက်ဂွာရီအစား ဖီးလ်ဂျုံးစ်ကိုသာ ပြောင်းလဲအသုံးပြုဖို့ တောင်းဆိုခဲ့ကြပါတယ်။

၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖီးလ်ဂျုံးစ်ကတော့ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရရှိခဲ့ပြီး  ၂၀၂၀ ဇန်နဝါရီနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ကစားခွင့်မရရှိတော့ပဲ နည်းပြဆိုးလ်ရှားရဲ့ ချန်လှပ်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ မက်ဂွာရီရဲ့ခြေစွမ်း ဆိုးရွားမှုက ပွဲမကစားရတဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း ဂျုံးစ်နဲ့ယှဉ်ရင်တောင် ဂျုံးစ်ကပိုကောင်းနိုင်တယ်ဆိုပြီး ပရိသတ်တွေက ပျက်ရယ်ပြုခဲ့ကြပါတယ်။

ပရိသတ်တစ်ယောက်က “ငါသာဆိုရင် ဟယ်ရီမက်ဂွာရီနေရာမှာ ဖီးလ်ဂျုံးစ်နဲ့ အစားထိုးလိုက်ပြီ သူကမှပိုကောင်းဦးမယ်”လို့ပြောခဲ့ပြီး နောက်တစ်ဦးကလည်း ပေါင်သန်း ၈၀ တန် ဗဟိုခံစစ်မှူးတစ်ဦးလုပ်နေပြီး ဒီလောက်ထိဖြစ်နေရင် ဂျုံးစ်ကိုအခွင့်အရေး ပြန်ပေးတာကမှ အထောက်အကူဖြစ်ဦးမယ်လို့ ပြောခဲ့ပါတယ်။ အဆိုပါ ပရိသတ်က “မက်ဂွာရီ ကိုယ့်လူရေ၊ မင်းက လက်ရှိမန်ချက်စတာယူနိုက်တက်ရဲ့ အဆိုးဆုံးခံစစ်ကစားသမားပဲ။ ဖီးလ်ဂျုံးစ်ကတောင် မင်းထက်ပိုကောင်း နိုင်တယ်”ဆိုပြီး ပြောခဲ့ပါတယ်။

နောက်ဆုံးတစ်ယောက်ကလည်း “မက်ဂွာရီရဲ့ ဒီညခြေစွမ်းက ဖီးလ်ဂျုံးစ်ကိုတောင် ပြန်ခေါ်ရမလိုဖြစ်နေပြီ၊ ယူနိုက်တက်ရေ တကယ်ကြီးလားဟ”ဆိုပြီးပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖီးလ်ဂျုံးစ် #မက်ဂွါရီ