ရှေ့သို့
Image

နယူးကာဆယ်နဲ့ ပွဲမှာ ယူနိုက်တက် ကစားသမားတွေ အားထုတ်မှုနဲ့ ကြံ့ခိုင်မှုပိုင်း အားနည်းခဲ့တယ်လို့ ရန်နစ် ဝေဖန်

9:19 AM, 28 December

ရက်ဖ် ရန်နစ်က ယမန်နေ့ည နယူးကာဆယ်နဲ့ပွဲစဉ်မှာ ယူနိုက်တက် ကစားသမားတွေရဲ့ အားထုတ်ပုံ အားနည်းမှုအပေါ် နားမလည်နိုင်အောင်ဖြစ်လျက် ရှိနေပါတယ်။

ယူနိုက်တက်ဟာ ယမန်နေ့ည ပွဲစဉ်အတွှင်း သရေ၁မှတ်ရဖို့ အသည်းအသန် ကစားခဲ့ရပြီး ဂိုးသမား ဒီဂီယာရဲ့ လက်စွမ်းပြမှုကြောင့်သာ ရှုံးပွဲနဲ့ ဝေးကွာခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်အတွင်း ယူနိုက်တက်ရဲ့ အားထုတ်မှုနဲ့ ကြံ့ခိုင်မှုပိုင်းအရ အားနည်းမှုအပေါ် ရန်းနစ်က ဝေဖန်သွားခဲ့ပါတယ်။

ရန်နစ်က “ကျွန်တော် ဒီနေ့ပွဲ စွမ်းဆောင်ရည်ကို လုံး၀မကြိုက်ပါဘူး။ ၁မှတ်ရခဲ့တာ ကောင်းပေမဲ့ စွမ်းဆောင်ရည်ကတော့ ပိုကောင်းဖို့ လိုပါတယ်။ တိုက်ရိုက် ဘောလုံးပေးပို့မှုတွေကို လုတဲ့အနေအထားမှာ အသင့်ဖြစ်နေဖို့ လိုပြီး ဒီညပွဲမှာ အသင့်မဖြစ်တာက များနေပါတယ်။ ကျန်တော်တို့ ဘောလုံးပိုင်ဆိုင်မှု ရချိန် ပြိုင်ဘက်ကို ဘောလုံးအများကြီး ပြန်ပေးခဲ့ပြီး ပေးလိုက်ရတဲ့ဂိုးကြောင့် အခြေအနေတွေက မလွယ်ကူခဲ့ပါဘူး။ ဒီနေ့က body languageနဲ့ မဆိုင်ပဲ ကြံ့ခိုင်မှုပုံစံကို မေးခွန်းထုတ်ရမှာပါ။ ဒီမှာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုနဲ့ ကစားချင်ရင် ကြံ့ခိုင်မှုပိုင်း အထူးကောင်းဖို့ လိုပြီး ဒီနေ့ည အဲ့ဒီလို မကစားနိုင်ခဲ့ပါဘူး”

“ကျွန်တော်တို့ရဲ့ အကြီးမားဆုံး ပြဿနာက အမှားတွေ ပြုလုပ်ခဲ့ခြင်းပါပဲ။ ကျွန်တော်တို့ ချေပဂိုး ပြန်သွင်းတာတောင် ပွဲကို မထိန်းချုပ်နိုင်သလို မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေလည်း မချနိုင်ခဲ့ပါဘူး။ ၁ဂိုးရှုံးနေချိန် ဒီထက်ပို စွန့်စားမှုတွေ ပြုလုပ်ဖို့ လိုအပ်ပြီး သွင်းဂိုးအပါအဝင် ကျန်တာတွေ ကောင်းခဲ့ကာ ကာဗာနီကလည်း အန္တရာယ်ပေးနိုင်တဲ့ တိုက်စစ်မှူး ဖြစ်နေဆဲပါ။ ဒီနေ့က ကစားကွက်ကို မေးခွန်းထုတ်ရမှာ မဟုတ်ပဲ ဘယ်လောက်ထိ ပြင်းပြင်းထန်ထန် ကစားခဲ့လဲဆိုတဲ့အပေါ် မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။  ၃ ရက်အတွင်း ကျွန်တော်တို့ နောက်ပွဲ ကစားရပါဦးမယ်။ ကျွန်တော်တို့ ဒီထက်ပိုကောင်းနိုင်ပေမဲ့ ပိုကောင်းအောင် ကစားနိုင်ရပါမယ်။ ဆင်ခြေတွေ ရှာနေတာထက် ကြံ့ခိုင်မှုအားကောင်းကောင်းနဲ့ ပိုကောင်းအောင် ကစားနိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ဘောလုံးကိုင်ပြီး ကစားတဲ့အချိန်၊ pressလုပ်ရမယ့် အချိန်တွေက စွမ်းဆောင်ရည်ကို ကျွန်တော် သဘောမကျပါဘူး။ ဘောလုံးကိုင်ထားချိန်၊ ဘောလုံးမရချိန်တွေမှာ ဘယ်လို အားထုတ်ကစားဖို့ လိုအပ်နေသလဲ”လို့ ပြောခဲ့ပါတယ်။

ကာဗာနီနဲ့ ဒီဂီယာကြောင့် သရေ၁မှတ် ရခဲ့ပေမဲ့ ထိပ်သီး၄သင်းထဲ ဝင်ချင်ရင်တော့ ရန်နစ်အနေနဲ့ ဒီထက်ပိုကောင်းတဲ့ ညွှန်ကြားမှုမျိုးနဲ့ ယူနိုက်တက်ကို ကိုင်တွယ်ဖို့ လိုအပ်နေခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #နယူးကာဆယ် #ရန်နစ်