ရှေ့သို့
Image

အသင်းသားတွေ ကိုဗစ်ဖြစ်ပြီးနောက် ရန်နစ်ရဲ့ထရိန်နင်ဗျူဟာကို ဖွင့်ဟလာတဲ့ ဒီဂီယာ

3:29 PM, 27 December

မန်ချက်စတာယူနိုက်တက် ဂိုးသမား ဒေးဗစ်ဒီဂီယာကတော့ နည်းပြသစ် ရာ့ဖ်ရန်နစ်ရဲ့ ထရိန်နင်ဗျူဟာသစ်အကြောင်းကို ဖောက်သည်ချသွားခဲ့ပါတယ်။  နည်းပြဟောင်း အိုလီဂန်နာဆိုးလ်ရှားကို ထုတ်ပယ်ခဲ့ပြီးနောက် ယာယီနည်းပြအဖြစ် မိုက်ကယ်ကာရစ်က ဆက်လက် တာဝန်ယူခဲ့ပါတယ်။ ၆၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နည်းပြရန်နစ် ရောက်ရှိလာချိန်မှာတော့ ကာရစ်က အသင်းကနေ ထွက်ခွာခဲ့ပါတယ်။

ဂျာမန်ခေတ်သစ်နည်းစနစ်တွေရဲ့ ခေါင်းကိုင်ဖခင်လို့ တင်စားခံရတဲ့ ရန်နစ်ရဲ့ ပြိုင်ဘက်ဆီက ဘောလုံးပြန်ရဖို့ ဖိအားပေးကစားပုံတွေ၊ တိုက်စစ်ပြီးရင်း တိုက်စစ်ကစားပုံတွေကို ဂိုးသမားဒီဂီယာက ချီးကျူးခဲ့ပါတယ်။ ဒီရာသီမှာ ထိပ်ဆုံးလေးသင်းဝင်ဖို့ ရုန်းကန်နေရတဲ့ ယူနိုက်တက်ကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ ထရိန်နင်မှာ ဘယ်လိုမျိုးလေ့ကျင့်ရလဲဆိုတာကိုလည်း ဒီဂီယာက ပြောသွားခဲ့ပါသေးတယ်။

ဒီဂီယာက “ သေချာပေါက် ထရိန်နင်တွေက ခက်တာပေါ့။ အရမ်းလည်းကြမ်းတယ်၊ ထရိန်နင်ဆက်ရှင်တိုင်း၊ လှုပ်ရှားမှုတိုင်းက အကြမ်းစားတွေချည့်ပဲ။ ထရိန်နင်မှာ အချိန်ပြည့် ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်ထားရပါတယ်။ အခုမှအစပဲ ရှိပါသေးတယ်။ ထရိန်နင်ကိုလည်း နှစ်ပတ်လောက်ပဲ သေချာဆင်းရသေးတာဆိုတော့ စောင့်ကြည်ကြတာပေါ့။ အသင်းက အင်ပြည့်အားပြည့်နဲ့ မြန်နှုန်းတွေပါပေါင်းပြီး လေ့ကျင့်နေကြပါတယ်။ ဒီရလဒ်ကို ပွဲကြီးပွဲကောင်းတွေမှာ ပြသသွားမှာပါ ” လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်ဟာ တနင်္လာနေ့ည (ယနေ့ည)မှာ နယူးကာဆယ်နဲ့ ကစားသွားမှာလည်းဖြစ်ပါတယ်။ ဒီဇင်ဘာလအစောပိုင်းတုန်းက ယူနိုက်တက်မှာ ကိုဗစ် positive တွေ တွေ့ရှိခဲ့ရတာကြောင့် တာဝန်ရှိသူတွေက အသင်းကို ကာလတိုလော့ခ်ဒေါင်း ချခဲ့ပါတယ်။ ဒါပေမယ့် ဒီဂိယာကတော့ နယူးကာဆယ်နဲ့ပွဲမှာ ဒီရာသီခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ အိမ်ရှင်အသင်းဆီကနေ ၃ မှတ်အပြည့် ယူသွားမယ့်အကြောင်း ပြောခဲ့ပါတယ်။

ဒီဂီယာက “ အသင်းလိုက် ထရိန်နင်ပြန်ဆင်းနိုင်တာ အရမ်းကောင်းပါတယ်၊ ပြီးတော့ အားလုံးလည်း နေကောင်းနေကြပါတယ်။ ကစားသမားအားလုံး ပြန်လာနိုင်ကြပါပြီ၊ ထရိန်နင်လည်း ဆင်းခဲ့ကြတယ်။ အားလုံးကျန်းမာနေပြီဖြစ်လို့ တစ်သင်းလုံးကို အတူတူ ပြန်မြင်ရတာ အရမ်းကောင်းပါတယ် ” လို့ ထပ်လောင်း ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒီဂီယာ #ကာရစ် #ရန်နစ်