ရှေ့သို့
Image

ယူရို ၁၂၅သန်းတန် ဒီလစ်ဂျ်ကို ခေါ်ယူဖို့ ပီအက်စ်ဂျီနဲ့ အပြိုင်ကြိုးစားမယ့် ဘာစီလိုနာ

3:13 PM, 27 December

သတင်းတွေရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ဂျူဗင်တပ်စ်အသင်းက တန်ဖိုး ယူရို ၁၂၅သန်းသတ်မှတ်ထားတဲ့ နောက်ခံလူ ဒီလစ်ဂျ်ကို ခေါ်ယူနိုင်ရေးအတွက် ပီအက်စ်ဂျီနဲ့အပြိုင် ကြိုးစားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အီတလီမီဒီယာတွေရဲ့ဖော်ပြချက်အရ ဘာစီလိုနာဟာ လာမယ့်နွေရာသီမှာ နယ်သာလန်လက်ရွေးစင် ဒီလစ်ဂျ်ကိုခေါ်ယူဖို့ ပြင်ဆင်နေပြီး ဂျူဗင်တပ်စ်က စာချုပ်ဖျက်သိမ်းကြေး ယူရို ၁၂၅သန်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။

အသက် ၂၂နှစ်အရွယ်ရှိ ဒီလစ်ဂျ်ဟာ ၂၀၁၉ နွေရာသီက အေဂျက်စ်ကနေ ဂျူဗင်တပ်စ်ကို ရောက်လာပြီနောက် အလားအလာအပြည့်ဆုံးအနေအထား ရောက်မလာသေးဘဲ ဂျူဗင်တပ်စ်မှာ ချီရယ်လီနီနဲ့ ဘိုနူချီတို့ကြောင့် ပုံမှန်ပွဲကစားခွင့်ရဖို့ ကြိုးစားနေရပါတယ်။ ဒီလစ်ဂျ်ဟာ ဂျူဗင်တပ်စ်အတွက် စုစုပေါင်း ၉၅ပွဲမှာ ၆ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ်ပေးထားပေမယ့် စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ချင်နေရာ ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့အတွက် သတင်းကောင်းဖြစ်လာပါတယ်။

ဘာစီလိုနာဟာ နွေရာသီက နောက်ခံလူ အဲရစ်ဂါစီယာကို မန်စီးတီးကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပေမယ့် အဲဒီစပိန်သားက နူးကမ့်မှာ အထိုင်မကျသေးသလို ဝါရင့်နောက်ခံလူ ပီကေးက ကစားသမားဘဝနေဝင်ချိန် ရောက်လာပြီဖြစ်ပြီး အမ်တီတီကလည်း ပုံမှန်ခြေစွမ်းပျောက်ဆုံးနေလို့ ထိပ်တန်းအဆင့်ရှိ ဗဟိုနောက်ခံလူတစ်ဦး ခေါ်ယူဖို့ ပြင်ဆင်နေတာပါ။

ပီအက်စ်ဂျီမှာ ရာမို့စ်၊ မာကွင်ဟို့စ်နဲ့ ကင်ပမ်ဘီတို့ ရှိနေပေမယ့် ကင်ပမ်ဘီက ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေသလို ရာမို့စ်ကလည်း ရီးရဲလ်ကနေ ရောက်လာပြီးချိန်ကတည်းက ကြံ့ခိုင်မှုအပိုင်းမှာရုန်းကန်နေရပါတယ်။ ဒီအတွက်ကြောင့်လည်း ပီအက်စ်ဂျီဟာ လာမယ့်နွေရာသီမှာ အသင်းခေါင်းဆောင် မာကွင်ဟို့စ်နဲ့ ရေရှည်တွဲကစားဖို့ ဗဟိုနောက်ခံလူတစ်ဦး ခေါ်ယူချင်နေတာဖြစ်ပြီး ဘာစီလိုနာနဲ့အပြိုင် ဒီလစ်ဂျ်ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

#ဘာစီလိုနာ #ဂျူဗင်တပ်စ် #အပြောင်းအရွှေ့ #ဒီလစ်ချ်