ရှေ့သို့
Image

ထရိန်နင်ကွင်း ပိတ်ထားရချိန်မှာ အသင်းသားအားလုံး အိမ်တွင်းလေ့ကျင့်ခန်းတွေလုပ်ကြောင်း ရန်နစ်ဖွင့်ဟ

2:51 PM, 27 December

မန်ချက်စတာယူနိုက်တက် နည်းပြရာ့ဖ်ရန်နစ်က မန်ချက်စတာကြယ်ပွင့်တွေဟာ ကာရင်တန်လေ့ကျင့်ရေးကွင်း ပိတ်ထားရချိန်မှာ သူ့ရဲ့နည်းစနစ်ပိုင်းတွေ သင်ကြားနိုင်ခြင်းမရှိခဲ့ပေမယ့် အများစုကတော့ အိမ်တွင်းလေ့ကျင့်ခန်းတွေ လုပ်ခဲ့ကြတယ်လို့ ပြောခဲ့ပါတယ်။

အိုးလ်ထရက်ဖို့ဒ်ကလပ်ရဲ့ ယာယီနည်းပြကြီးဟာ ကိုဗစ်ပြဿနာတွေကြောင့် အသင်းရဲ့ ပွဲစဉ်တစ်ချို့ကို ရွှေ့ဆိုင်းလိုက်ရတာကြောင့် ခရစ္စမတ်ကာလမှာ ပွဲတွေမကန်ခဲ့ရပဲ ကစားသမားတွေနဲ့ ကိုက်ညီမယ့် အကြံဉာဏ်တွေ ထုတ်ဖို့အချိန်ရရှိခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ယူနိုက်တက်ရဲ့ ပွဲစဉ်နှစ်ပွဲကိုရွှေ့ဆိုင်းခဲ့ရသလို ထရိန်နင်ကွင်းကိုလည်း ၄ ရက်လောက် ပိတ်လိုက်ရပါတယ်။

ဒါပေမယ့် နည်းပြရန်နစ်ကတော့ သီးခြားခွဲနေနေရတဲ့ သူ့ရဲ့ကစားသမားတွေနဲ့ အဆက်အသွယ် မပြတ်သွားခဲ့ပါဘူး။ အသင်းအတွက် လိုအပ်ပြင်ဆင်မှုတွေကို နည်းပြအဖွဲ့ဝင်တွေနဲ့အတူ ဗီဒီယိုတွေပြင်ဆင်ခဲ့ပြီး သူ့ရဲ့ကစားဟန်အောက်မှာ ကစားသမားတွေ အံ့ဝင်ခွင်ကျကစားနိုင်အောင် စီစဉ်ပေးထားတယ်လို့ ပြောခဲ့ပါတယ်။

ရန်နစ်က “လေးရက်အတွင်း ကျွန်တော်တို့ ဘာမှမလုပ်နိုင်ခဲ့ဘူး။ သီးခြားခွဲနေရတဲ့ ကစားသမားတွေနဲ့ positive ဖြစ်ခဲ့တဲ့ ကစားသမားတွေနဲ့ အများဆုံး စကားပြောဖြစ်ခဲ့တယ်။ ကစားသမား ၁၆ ယောက် ၁၇ ယောက်လောက်နဲ့ သူတို့အခြေအနေ ဘယ်လိုလဲ၊ ဘယ်လိုခံစားနေရလဲဆိုတာတွေ မေးမြန်းခဲ့တယ်။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်လည်း နည်းပြအဖွဲ့ဝင်တွေနဲ့ ပေါင်းပြီးဗီဒီယိုတွေ ပြင်ဆင်ခဲ့ပါတယ်။ ဘယ်လိုကစားသင့်တယ်၊ တိုက်စစ်ကို ဟန်ချက်ညီညီ ဘယ်လိုထိုးဖောက်မယ် စသဖြင့်သူတို့ သိဖို့အရေးကြီးတာကြောင့် ဒီနည်းလမ်းကို အသုံးပြုခဲ့တာပါ။ ရှိပြီးသား တိုက်စစ်ကစားသမားတွေကို သေချာပေါက်အသုံးပြုသွားမှာပါ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ခံစစ်နဲ့ကစားနိုင်ဖို့လိုတယ်၊ ရှေ့လာမယ့် ပွဲစဉ်တွေမှာလည်း clean sheet ရယူသွားဖို့လိုပါတယ်”ဆိုပြီး ပြောခဲ့ပါတယ်။

လိုက်ဇစ်နည်းပြဟောင်းဟာ ကစားသမားတွေရဲ့ အခြေအနေ တည်ငြိမ်သွားခဲ့ပြီဖြစ်လို့ ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့ကပဲ ရုံးချုပ်ကိုပြန်ဖွင့်နိုင်ခဲ့ပါတယ်။ ရန်နစ်က “သူတို့အားလုံး အိမ်မှာပဲ လေ့ကျင့်ခန်းအချိန်ဇယား ဆွဲပေးထားပါတယ်။ ကြံ့ခိုင်မှုပိုင်းအရတော့ အားလုံး ကောင်းနေတယ်။ ပြန်ရောက်လာရင်လည်း ထရိန်နင်ဆင်းဖို့ ပြင်ဆင်ထားပြီးသားပါ။ စိတ်ဓာတ်ပိုင်းလည်း ကောင်းမွန်နေပြီး၊ ကစားသမားအားလုံးက အပြည့်အ၀ ပြန်ကစားဖို့ အသင့်ဖြစ်နေကြပါပြီ။ ပွဲတွေများတော့ လူစာရင်းကို လှည့်ကစားရမှာပါ အထူးသဖြင့်တော့ ၃ ရက်တစ်ပွဲတော့ ကစားရပါလိမ့်မယ် ” လို့ ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရန်နစ်