ရှေ့သို့
Image

ဇန်နဝါရီလ ၃ ရက်နေ့အထိ ကလပ်တွေအတွက် အာဖရိကကြယ်ပွင့်တွေကစားခွင့်ရမယ်လို့ CAF ကြေညာ

1:28 PM, 27 December

အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF)က အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဝင် ကစားသမားတွေအနေနဲ့ ဇန်နဝါရီလ ၃ ရက်နေ့အထိ သက်ဆိုင်ရာကလပ်အသင်းတွေအတွက် ကစားခွင့်ရရှိမှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။ စည်းမျဉ်းတွေအရ ကလပ်အသင်းတွေအနေနဲ့ တိုက်ကြီးများအလိုက် လက်ရွေးစင်ပြိုင်ပွဲနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေအတွက် ပြိုင်ပွဲမစခင် ၂ ပတ်အလိုမှာ ကစားသမားတွေကို မဖြစ်မနေစေလွှတ်ရမှာဖြစ်ပေမယ့် CAF က ဇန်နဝါရီလ ၉ ရက်နေ့မှာ ကင်မရွန်းနိုင်ငံက အိမ်ရှင်အဖြစ် စတင်ကျင်းပမယ့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမတိုင်ခင် ဇန်နဝါရီလ ၃ ရက်နေ့အထိ ကလပ်အသင်းတွေအတွက် ကစားခွင့်ပေးလိုက်တာဖြစ်ပါတယ်။

ဒီကြေညာချက်ကြောင့် အင်္ဂလိပ်ကလပ်တွေ စိတ်သက်သာရာရသွားပြီး ပုံမှန်အတိုင်းဆို ဒီဇင်ဘာလ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး အသင်းရှိ အာဖရိကကြယ်ပွင့်တွေကို စေလွှတ်ရမှာဖြစ်ပါတယ်။ ဖီဖာနဲ့ CAF တို့ဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ဥရောပဘောလုံးရာသီရဲ့ အရှိန်အမြင့်ဆုံးအချိန် ရာသီအလယ်လောက်မှာ ကျင်းပမှုကြောင့် ဝေဖန်ခံနေရပြီး အာဖရိကကြယ်ပွင့်တွေက ဥရောပမှာ လာရောက်ကစားနေတာများပါတယ်။

ဒါပေမဲ့ အခုလို ဇန်နဝါရီလ ၃ ရက်နေ့အထိ ကလပ်အသင်းတွေမှာ ကစားခွင့်ပြုလိုက်လို့ ဥရောပကလပ်တွေအတွက် အနည်းငယ်စိတ်သက်သာရာရခဲ့ပြီး အထူးသဖြင့် ဇန်နဝါရီလ ၂ ရက်နေ့မှာ ကစားရမယ့် ချဲလ်ဆီးနဲ့ လီဗာပူးတို့အနေနဲ့ အဲဒီပွဲမှာ အင်ပြည့်အားပြည့်ကစားနိုင်တော့မှာဖြစ်ပါတယ်။ လီဗာပူးဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် ဆာလက်၊ မာနေးနဲ့ ကီတာတို့ကို စေလွှတ်ပေးရမှာဖြစ်သလို အာဆင်နယ်ကလည်း ပါတေး၊ ပီပီ၊ အယ်လ်နီနီနဲ့ အူဘာမီယန်းတို့ကို အဲဒီကာလအတွင်း ဆုံးရှုံးရမှာဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ မန်စီးတီးတို့က အီဒေါ့မန်ဒီနဲ့ မာရက်ဇ်တို့ကို ၁လလောက်ဆုံးရှုံးရမှာဖြစ်ပြီး ယူနိုက်တက်က ဘိုင်လီကို ဆုံးရှုံးရမှာဖြစ်ပါတယ်။

#လီဗာပူး #ချဲလ်ဆီး #မန်ဒီ #မာရက်ဇ်