ရှေ့သို့
Image

၁၆ရက်လောက်ထိ နားခဲ့ရပြီးနောက် ယူနိုက်တက် နယူးကာဆယ်နဲ့ပွဲ ကစားဖို့ မစောင့်နိုင်တော့ကြောင်း မာတစ် ဝန်ခံ

8:31 AM, 26 December

ယူနိုက်တက်ကွင်းလယ်လူ နီမန်ဂျာ မာတစ်က ၁၆ရက်လောက် နားခဲ့ရပြီးနောက် အသင်းက နယူးကာဆယ်နဲ့ တနင်္လာနေ့ပွဲစဉ်အတွက် မစောင့်နိုင်တော့ကြောင်း ဝန်ခံခဲ့ရပါတယ်။ အသင်းမှာ ကိုဗစ်ပိုးတွေ့ရှိရသူ များနေတာကြောင့် ဘရန့်ဖို့ဒ်၊ ဘရိုက်တန်တို့နဲ့ ပွဲစဉ်တွေကို ရွှေ့ဆိုင်းခဲ့ရပေမဲ့ နယူးကာဆယ်နဲ့ ပွဲအတွက်ကိုတော့ ပြီးခဲ့တဲ့အပတ်ကတည်းက လေ့ကျင့်ခန်းဆင်းနေခဲ့ပါတယ်။

မာတစ်က “ကျွန်တော်တို့ ပွဲတွေ အမြန်ပြန်ကစားချင်နေပါတယ်။ ခင်ဗျားတို့ သိတဲ့အတိုင်း ကိုဗစ်ပြဿနာလေး အနည်းငယ် ရှိသွားပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ အားလုံး ပြန်လာနိုင်ခဲ့ပြီး အသင့်ဖြစ်နေပါပြီ” “တစ်ခါတစ်လေ နားရတာ ကောင်းပေမဲ့ ကိုဗစ်ကြီး ရှိနေတာကျ လုံး၀မကောင်းပါဘူး။ ကျွန်တော်တို့ ပွဲကစားဖို့ပဲ စိတ်အားထက်သန်နေတာပါ”လို့ ပြောခဲ့ပါတယ်။

ယာယီနည်းပြသစ် ရန်းနစ်ဟာ ယူနိုက်တက်ကို ကိုင်တွယ်စဉ် ၃ပွဲမှာ တစ်ပွဲမှ မရှုံးခဲ့ပဲ ၁ဂိုးသာ ပေးထားခဲ့ရပါတယ်။ မာတစ်က “ကျွန်တော်တို့ သူ့ရဲ့ အတွေးအခေါ်နဲ့ ကစားချင်တဲ့ ပုံစံကို နားလည်ပါတယ်။ သူက pressingတစ်ခုတည်း မဟုတ်ပဲ အရာအားလုံးကို အနိုင်ယူချင်တာပါ။ သူ့ကစားကွက်အတွက် ကြံ့ခိုင်မှု ပြည့်၀ပြီး အသင့်ဖြစ်နေဖို့လိုကာ နည်းစနစ်ပိုင်းလည်း ကောင်းကောင်း ကစားနိုင်ရပါမယ်။ ကျွန်တော်တို့မှာ သူလိုချင်တဲ့အတိုင်း ကစားပြီး နားလည်နိုင်တဲ့ အရည်အချင်းပြည့် ကစားသမားတွေ ပိုင်ဆိုင်ထားပါတယ်”လို့ ဆိုခဲ့ပါတယ်။

နယူးကာဆယ်ဟာ ဇယားအောက်ဆုံးမှာ ရုန်းကန်နေရပြီး ယခုနှစ်ရာသီ ၁ပွဲသာ နိုင်ထားပေမဲ့ မာတစ်ကတော့ ပရီးမီးယားလိဂ်မှာ ပြိုင်ဆိုင်မှုတွေက ယခင်ကထက် ပြင်းထန်လာကြောင်း ပြောခဲ့ပါတယ်။ မာတစ်က “အခု နိုင်ပွဲရနိုင်တဲ့ အသင်းအရေအတွက်က အများကြီး ရှိနေပါပြီ။ အသင်းအားလုံးက အများကြီး တိုးတက်လာပြီး ထိပ်တန်း ကစားသမားတွေ ဝယ်ယူထားကြပါတယ်။ ပရီးမီးယားလိဂ်က လွန်ခဲ့တဲ့ ၁၅နှစ်ကထက် ကစားရတာ အရမ်းခက်လာပါပြီ”

“ကျွန်တော်တို့ ထိပ်သီး ၄သင်းထဲဝင်ပြီး ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတွေ ရယူချင်ပါတယ်။ ကျွန်တော်တို့ ဘာဖြစ်လာမလဲ စောင့်ကြည့်ရမှာ ဖြစ်ပေမဲ့ အဲ့ဒါက အသင်းရဲ့ ပစ်မှတ်ပါပဲ” “ဒီပွဲတွေမှာ ကျွန်တော်တို့ နိုင်ဖို့ ရေပန်းစားနပေမဲ့ အဲ့ဒါကို ကွင်းထဲမှာ ပြရမှာပါ။ နယူးကာဆယ်က အခြေအနေဆိုးနေပေမဲ့ ကစားသမားကောင်းတွေ ရှိတဲ့ အသင်းကောင်း၁သင်းဖြစ်ပြီး ဒီမှာ ဆက်ကျန်ခဲ့ဖို့ အစွမ်းကုန် တိုက်ပွဲဝင်ကြမှာပါ”လို့ ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #နယူးကာဆယ် #ဘရန့်ဖို့ဒ် #နီမန်ဂျာ မာတစ်