ရှေ့သို့
Image

ပဲလေ့စ်အသင်းမှာ ကိုဗစ်ကူးစက်ခံရသူတွေ များပြားလာတာကြောင့် ယနေ့ည တော့တင်ဟမ်နဲ့ပွဲ ရွှေ့ဆိုင်းရဖို့ရှိနေ

8:12 AM, 26 December

တော့တင်အသင်းရဲ့ ဘောက်ဆင်ဒေးပွဲစဉ်ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်ဟာ ပြိုင်ဘက်အသင်းမှာ ကိုဗစ်ကူးစက်ခံရသူတွေ များပြားလာတာကြောင့် ရွှေ့ဆိုင်းရဖို့ ရှိနေကြောင်း သိရပါတယ်။ ကြာသပတေးနေ့ကတည်း ပရီးမီးယားလိဂ်ပွဲစဉ် ၃ပွဲကို ကိုဗစ်ကြောင့် ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပြီး သောကြာနေ့ကလည်း ဘန်လေ-အဲဗာတန် ပွဲစဉ်ကို ထပ်မံရွှေ့ဆိုင်းခဲ့ရပါတယ်။

Football.londonရဲ့ အဆိုအရ ပဲလေ့စ် ဝန်ထမ်း၂ဦးထံမှာ ကိုဗစ် စတင်တွေ့ရှိခဲ့ပြီး နောက်ရက် ဆက်လက်စစ်ဆေးရာမှာ ကစားသမားနဲ့ ဝန်ထမ်းတွေကြား ပိုးတွေ့ရှိရမှု အများအပြား ထွက်ပေါ်လာခဲ့တာပါ။ သောကြာနေ့ကတော့ နည်းပြ ဗီအဲရာက လက်ရှိ အခြေအနေနဲ့ ပွဲကျပ်ကာလအတွင်း ပဲလေ့စ် ကစားသမားတွေထံ ကိုဗစ်ကူးစက်ခံရနိုင်တဲ့အပေါ် စိုးရိမ်နေကြောင်း ဝန်ခံခဲ့ပါတယ်။

ဗီအဲရာက “ကျွန်တော်တို့ တော့တင်ဟမ်နဲ့ပွဲမှာ အဆင်ပြေဖို့ မျှော်လင့်ပေမဲ့ ပိုးတွေ့ရှိရသူ အများအပြား ရှိလာတဲ့အခါ စပြီးစိတ်ပူလာရပါတယ်။ ကျွန်တော်တို့မှာ လွန်ခဲ့ရက်တွေအတွင်း ပိုးတွေ့ရှိရသူ အများအပြား ရှိခဲ့ပါတယ်” “ကျွန်တော်တို့ ဒီအခြေအနေကို တားဆီးဖို့ အကောင်းဆုံး ကြိုးစားခဲ့ပေမဲ့ နောက်ရက်တွေအတွင်း ဘာဖြစ်လာမယ်ဆိုတာ မသိလို့ စိတ်ပူစရာ ဖြစ်နေခဲ့ပါတယ်။ ခုချိန် ပွဲတွေဆက်တိုက်ကန်ရတာကတော့ နှစ်တိုင်း ဖြစ်နေကျအရာမို့လို့ ကစားသမားတွေ သပိတ်မှောက်မယ့်အပေါ်မှာတော့ စိတ်မပူပါဘူး။ ကျွန်တော် စိတ်ပူတာက ကိုဗစ်ကိစ္စပါ”

“ကစားသမားတွေ ကိုဗစ်ကနေ ပြန်လာပြီးပြီးချင်း လေ့ကျင့်ခန်း အလုံမလောက် မရှိပဲ ဝင်ကန်ဖို့ တောင်းဆိုရတာက သူတို့အပေါ် တော်တော်တာဝန်များပါတယ်”လို့ ပြောခဲ့ပါတယ်။ တော့တင်ဟမ်ပွဲသာ ထပ်ပြီး ရွှေ့ဆိုင်းရမယ်ဆိုရင်တော့ ဘောက်ဆင်ဒေးပွဲစဉ် ၉ပွဲမှာ ၅ပွဲသာ စီစဉ်ထားတဲ့အတိုင်း ကစားနိုင်တော့မှာ ဖြစ်ပါတယ်။

တော့တင်ဟမ်အသင်းဟာ ကိုဗစ်ကြောင့် ဘရိုက်တန်၊ လက်စတာတို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်၊ ရန်းနက်စ်နဲ့ ယူရိုပါကွန်းဖရင့်လိဂ်ပွဲစဉ်တွေကို ရွှေ့ဆိုင်းခဲ့ရပြီး ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အက်စတွန်ဗီလာနည်းပြ စတီဗင် ဂျရတ်မှာ ကိုဗစ်တွေ့ခဲ့တာကြောင့်လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်၂ပွဲကို ကိုင်တွယ်နိုင်တော့မှာ မဟုတ်ကြောင်း သတင်းတွေက ဆိုပါတယ်။

#တော့တင်ဟမ် #ခရစ္စတယ်ပဲလေ့စ် #ဗီအဲရာ #စတီဗင်ဂျရတ်