ရှေ့သို့
Image

ဂျူလီယန်အယ်ဗာရက်ဇ်ကို ဘိုင်ယန်၊ ဘာကာ၊ ရီးရဲလ်တို့ အပြိုင်စိတ်ဝင်စား

6:32 PM, 25 December

AS အာဂျင်တီးနားရဲ့ ဖော်ပြချက်အရ ရေးဗားပလိတ်တိုက်စစ်မှူးလေး ဂျူလီယန်အယ်ဗာရက်ဇ်ကို ဥရောပထိပ်ဆီးအသင်းတွေဖြစ်ကြတဲ့ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ အေစီမီလန်နဲ့ အင်တာမီလန်တို့ အပြိုင်ခေါ်ယူဖို့ ကြိုးစားနေကြသလို အခု နောက်ဆုံးစိတ်ဝင်စားလာတဲ့ အသင်းကတော့ ဘိုင်ယန်မြူးနစ်ပဲ ဖြစ်ပါတယ်။ 

အယ်ဗာရက်ဇ်ဟာ အာဂျင်တီးနားလိဂ်ရဲ့ အတောက်ပဆုံး လူငယ်ကစားသမား တစ်ယောက်ဖြစ်ခဲ့ပြီး ၂၀၂၁ အတွင်းမှာ အထူးခြေစွမ်းပြသနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ၂၁ နှစ်အရွယ် တိုက်စစ်ကစားသမားလေးဟာ တိုက်စစ်နေရာစုံမှာ ကစားနိုင်ပြီး ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၄၆ ပွဲကစားပြီး သွင်းဂိုး ၂၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၅ ကြိမ်ပြုလုပ်ခဲ့ပါတယ်။ 

တစ်ချိန်တည်းမှာပဲ အာဂျင်တီးနားလက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံခဲ့ရပြီး ၅ ပွဲကစားခွင့် ရရှိခဲ့ပြီဖြစ်ပါတယ်။ လူငယ်ကြယ်ပွင့်လေးရဲ့ ဆက်တိုက်တိုးတက်လာတဲ့ ခြေစွမ်းတွေကို ဥရောပအသင်းအတော်များများ သတိထားမိလာကြပြီး အခုလိုမျိုး အသင်းကြီးတွေရဲ့ ပစ်မှတ်တစ်ခု ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ အဂူရိုအနားယူသွားတဲ့ ဘာစီလိုနာက အယ်ဗာရက်ဇ်ကို စိတ်ဝင်စားလာတာ မဆန်းသလို နည်းပြဇာဗီကလည်း တိုက်စစ်ကစားသမားသစ်တွေကို ခေါ်ယူလိုနေတာလည်း ဖြစ်ပါတယ်။

ဘာကာရဲ့ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကလည်း အသက်အရွယ်ရလာပြီဖြစ်တဲ့ ဝါရင့်တိုက်စစ်မှူး ကာရင်ဘန်ဇီးမားရဲ့နေရာမှာ ရေရှည်အစားထိုးနိုင်ဖို့အတွက် ကစားသမား တစ်ဦးရှာဖွေနေတာ ဖြစ်ပါတယ်။ ရီးရဲလ်ဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်ကိုယ်တိုင်ကလည်း ၃၄ နှစ်သားကြီးရဲ့ နေရာကို အယ်ဗာရက်ဇ်က အကောင်းဆုံး အစားနိုင်လိမ့်မယ်လို့ ယုံကြည်နေသလို အာလင်းဟာလန်းကိုလည်း  တစ်ပြိုင်တည်း ခေါ်ယူဖို့ ကြိုးစားလျက်ရှိပါတယ်။ 

ဘိုင်ယန်မြူးနစ်ကလည်း ခြေစွမ်းပြနေဆဲဖြစ်ပေမယ့် ကစားသမားဘ၀ နေဝင်ချိန် နီးကပ်လာပြီဖြစ်တဲ့ ရောဘတ်လီဝန်ဒေါစကီးရဲ့ နေရာမှာ အစားထိုးနိုင်မယ့် ကစားသမားကို ကြိုတင်ရှာဖွေနေပြီ ဖြစ်ပါတယ်။ လီဝန်ဒေါစကီးကလည်း ရီးရဲလ်ရဲ့ရေဒါထဲမှာ ရှိနေတဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်ပြီး ဘိုင်ယန်ကတော့ လူငယ်ကစားသမားတွေကို ပိုပြီးစိတ်အားထက်သန်နေပါတယ်။ မီလန်နှစ်သင်းဖြစ်တဲ့ အေစီနဲ့အင်တာကလည်း ၂၁ နှစ်သားကို ဆက်တိုက် စောင့်ကြည့်နေပြီး ရေးဗားပလိတ်အသင်းအနေနဲ့ ဘယ်အသင်းနဲ့ သဘောတူညီမှု ရယူသွားမလဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။ 

#ဘာစီလိုနာ #ဘိုင်ယန်မြူးနစ် #ဂျူလီယန်အယ်ဗာရက်ဇ်