ရှေ့သို့
Image

တွဲကစားဖူးသမျှထဲမှာ အကောင်းဆုံး ကစားသမားကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ဝီလ်ရှီးယား

12:39 PM, 25 December

အာဆင်နယ်ကွင်းလယ်လူဟောင်း ဂျက်ဝီလ်ရှီးယားက အသင်းဖော်ဟောင်း ကာဇိုလာဟာ တွဲကစားဖူးသမျှထဲမှာ အကောင်းဆုံး ကစားသမားလို့ ပြောကြားလိုက်ပါတယ်။ အင်္ဂလန်သားဟာ အာဆင်နယ်အသင်းကနေ မထွက်ခွာခင် ၁၀ နှစ်ကြာအသင်းမှာကစားခဲ့ကာ အာဆင်နယ် ပရိသတ်တွေရဲ့အသည်းကျော်ဖြစ်ခဲ့ပါတယ်။

ဝီလ်ရှီးယားဟာ အာဆင်နယ်ကစားသမားဘ၀ အွန်နရီ၊ ဗန်ပါစီ၊ အိုဇေးလ် ၊ ဆန်းချက်ဇ်နဲ့ ဖာဘရီဂတ်စ်တို့လို ကစားသမားတွေနဲ့ကစားခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် အသက် ၂၉ နှစ်သားက စကေးပိုင်း နဲ့ နည်းစနစ်ပိုင်းမှာ ကာဇိုလာဟာ အရမ်းကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။

"သူ(ကာဇိုလာ)က ဘယ်ခြေကော ညာခြေပါ အသုံးပြုနိုင်ပါတယ်။ အရပ်က ၅ ပေ ၅ ပဲရှိပေမယ့် သူက ကစားသမားတွေကြားထဲမှာ ပြေးလွှားနိုင်ပါတယ်။ သူ့ကိုကြည့်ရတာ နှစ်လိုဖွယ်ကောင်းပါတယ်"လို့ ဝီလ်ရှီးယားက ပြောကြားခဲ့ပါတယ်။

၂၀၁၃ တုန်းက အာစင်းက ကာဇိုလာနဲ့ပတ်သက်ပြီး အခုလိုပြောကြားခဲ့ပါတယ်။ "သူက ပရီးမီးယားလိဂ်မှာ တစ်ဆင့်နိမ့်ကစားသမားလို့ထင်ပါတယ်။ ဒါပေမယ့် သူလုပ်ပြတဲ့အရာတွေက အဆင့်အတန်းမြင့်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ဝီလ်ရှီးယားနည်းတူ ကာဇိုလာကလည်း ဒဏ်ရာကြောင့် အာဆင်နယ်ကနေ ၂၀၁၈ တုန်းက ထွက်ခွာခဲ့ကာ ဗီလာရီးရဲလ်ကိုပြောင်းရွှေ့ခဲ့ပါတယ်။

#ကာဇိုလာ #အာဆင်နယ် #ဂျက်ဝီလ်ရှီးယား