ရှေ့သို့
Image

လီဗာပူးကို ရှုံးနိမ့်မှုအား မန်စီးတီးနဲ့ပွဲမှာ နိုးထရန် ဘရန်ဒန်ရော်ဂျာ တိုက်တွန်း

9:25 AM, 25 December

ကာရာဘောင်ကွာတားဖိုင်နယ်တွင် ၃-၁ဖြင့် ဦးဆောင်ထားရာကနေ ချေပဂိုးတွေ ပေးရပြီး  ပင်နယ်တီတွင် လီဗာပူးအား ရှုံးနိမ့်ခဲ့ရတဲ့ နာကျင်မှုအား မန်စီးတီးနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြန်လည်နိုးထရန် လက်စတာ ကစားသမားတွေကို နည်းပြ ရော်ဂျာက တိုက်တွန်းနိူးဆော်လိုက်ပါတယ်။

လီဗာပူးနဲ့ပွဲတွင် လက်စတာရဲ့ အဓိကကစားသမား အများစု ဒဏ်ရာရခဲ့ကြပြီး တိုက်စစ်မှူး ဗာဒီဟာ မိနစ်၂၀သာ ကစားပြီး တံကောက်ကြော ဒဏ်ရာရခဲ့သလို နောက်ခံလူ ဆိုယန်ကူ၊ ပါရဲယားတို့ဟာလည်း အသီးသီး ဒဏ်ရာရကာ လူစားလဲခဲ့ရတဲ့အတွက် အခြေအနေပိုဆိုးခဲ့ပါတယ်။ စီးတီးနဲ့ရင်ဆိုင်ရာမှာ လက်စတာအသင်း ရလဒ်တွေ ကောင်းထားပြီး  နောက်ဆုံး ၄ပွဲမှာ ၂ပွဲ အနိုင်ရထားခဲ့ပြီး မန်စီးတီးရဲ့ ယခုနှစ် လိဂ်ခြေစွမ်းကလည်း အကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်။

“စိတ်ပျက်မှုဆိုတာကတော့ ရှိစမြဲပါပဲ။ ကျွန်တော် ပွဲမတိုင်ခင် ပြောသလိုဘဲ အန်ဖီးလ်ဆိုတာ နေရာကောင်းဖြစ်ပြီး ဘာတွေဘဲဖြစ်ဖြစ် ကျွန်တော်တို့နည်းလမ်းအတိုင်း ဆက်သွားရမှာပါ။ ကျွန်တော်ကစားသမားတွေဟာ နိုင်ငံမှာ အကောင်းဆုံးအသင်းတွေနဲ့ရင်ဆိုင်ခဲ့ရတယ်ဆိုပေမယ့် အနိုင်ရဖို့အတွက် လုံလောက်မှု မရှိခဲ့ပါဘူး။ သူတို့ဟာ အရမ်းရိုးသားတဲ့ သူတွေဖြစ်ပြီး ရှုံးနိမ့်တဲ့အခါ ဝမ်းနည်းရပေမယ့် သူတို့ ကို နောက်တဖန် ပြန်လည်မြှင့်တင်ပေးဖို့လုပ်ရမှာပါ။ မန်စီးတီးက လက်ရှိမှာ ကစားပုံကောင်းနေတယ်။ ဒါကြောင့် ဘယ်နေရာမှာ ကျွန်တော်တို့ခုရှိနေသလဲ ကြည့်ရမှာပါ ပြီးတော့ ရှိနေတဲ့ ကစားသမားတွေနဲ့အတူ အစီအစဉ်တစ်ခု ချမှတ်မယ်။ ဘာတွေလုပ်နိုင်မလဲ ကြည့်ရမှာပါ။ မန်စီးတီးအသင်းမှာ ကငစားသမားတွေ အများကြီး လွဲချော်ထားတာ မရှိပါဘူး။ကြားရက်မှာလည်း ပွဲမရှိဘဲ အားလပ်ရက်ရထားတယ်။ သူတို့ဟာ နည်းစနစ်ပိုင်းကောင်းတဲ့ ကစားသမားတွေ၊ ကမ္ဘာ့အဆင့်ကစားသမားတွေနဲ့နိုင်ပွဲတွေ ရအောင် ယူနိုင်တဲ့ အသင်းတစ်သင်းပါ။ သူတို့နဲ့ရင်ဆိုင်ရာမှာ ကျွန်တော်တို့အဆင်ပြေမှု ရှိဖူးပါတယ် ဒါပေမဲ့ ခုပွဲက အသင်းအတွက် ကြီးမားတဲ့ စိန်ခေါ်မှု  ဖြစ်မှာပါ။ ကျွန်တော်တို့လီဗာပူးပွဲကလို စိတ်ဓာတ်မျိုးနဲ့ကစားဖို့လိုအပ်ပါတယ်”ဟု ပြောကြားခဲ့သည်။

မန်စီးတီးကို အနိုင်ရတဲ့ ၂ပွဲဟာ သြဂုတ်လက ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲနှင့် ၂၀၂၀ စက်တင်ဘာလက အီတီဟက်ဒ်တွင် ၅-၂ဂိုးဖြင့် နိုင်တဲ့ ပွဲ  ဖြစ်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် မန်စီးတီးဟာ လိဂ်မှာ ၈ပွဲဆက် အနိုင်ရခဲ့ပြီး နောက်ဆုံး ၁၁ပွဲမှာ ၁ပွဲသာ အနိုင်မရခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးနဲ့ပွဲမှာ နောက်ဆုံး၇ပွဲတွင် ၅ဂိုးအထိ သွင်းထားတဲ့ ဂျိမ်းစ်မက်ဒီဆင်ဟာ လက်စတာအတွက် အဓိကကစားသမား ဖြစ်လာဖို့ရှိပါတယ်။

“သူက အမှန်တကယ် အန္တာရယ်ပေးနိုင်တဲ့ ကစားသမားပါ လီဗာပူးပွဲမှာ သူသွင်းယူတဲ့ ဂိုးကို ကြည့်ရင် သင် အမြဲမှတ်မိနေမယ့် ပုံစံမျိုးပါ သိပ်ကောင်းတဲ့ ကန်ချက်ပါပဲ။ သူ ပုံမှန် အနေအထားကို ပြန်ရနေပြီး သူလုပ်ရမယ့် အရာတွေဖြစ်တဲ့ ဂိုးဖန်တီးမှုတွေ ကြိုးစားမှုတွေ  သွင်းဂိုးတွေကို ပြန်လည် စွမ်းဆောင်နေပါတယ် သူ ဒါတွေအားလုံးကို လုပ်ဆောင်နေပါတယ်”ဟု ပြောကြားသွားခဲ့ပါတယ်။

#လီဗာပူး #မန်စီးတီး #ရော်ဂျာ #ကာရာဘောင်ဖလား