ရှေ့သို့
Image

ရာသီအစ ရလဒ်တွေအတက်အကျ များနေပေမဲ့ လက်စတာက ထိပ်တန်းအသင်းဖြစ်နေဆဲလို့ ဂွါဒီယိုလာဆို

8:53 AM, 25 December

မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာက လက်စတာအသင်းဟာ ယခုနှစ်ရာသီ ရလဒ်တွေ အတက်အကျများနေပေမဲ့ ထိပ်တန်းအသင်း ဖြစ်နေဆဲလို့ ပြောသွားခဲ့ပါတယ်။ အဆင့်၅နေရာကို ၂နှစ်ဆက်ရပြီးတဲ့နောက် အက်ဖ်အေဖလား ချန်ပီယံ လက်စတာအသင်းဟာ ယခုနှစ်ရာသီမှာတော့ ယခင်က ခြေစွမ်းကို လိုက်မီခြင်းမရှိပဲ ပရီးမီးယားလိဂ် ၁၆ပွဲမှာ ၆ပွဲသာ နိုင်ခဲ့ပါတယ်။

မန်စီးတီးကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၈ပွဲဆက် နိုင်ထားပြီး ဇယားထိပ်မှာ ၃မှတ်ဖြတ် ဦးဆောင်ထားခဲ့ပါတယ်။ ဒါကြောင့် မန်စီးတီးအသင်းဟာ မနက်ဖြန်ည လက်စတာနဲ့ပွဲမှာ အနိုင်ရဖို့ ရေပန်းစားနေပေမဲ့ ဂွါဒီယိုလာကတော့ အဆိုပါ အချက်အပေါ် အမြင်ကွဲပြားနေပါတယ်။

ဂွါဒီယိုလာက “လက်စတာက လက်စတာအဖြစ် ရှိနေဆဲပါ။ ကျွန်တော့်အတွက်တော့ သူတို့က ထိပ်တန်းအရည်အချင်းပိုင်ဆိုင်ထားတဲ့ နည်းပြနဲ့အတူ ဘက်စုံက အကောင်းဆုံး ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ အသင်းပါ။ ဒါပေမဲ့ တစ်ချို့ရာသီတွေမှာတော့ အတက်၊ အကျဆိုတာ ရှိတာပါပဲ။ ကျွန်တော်တို့ ဒီလိုပုံစံနဲ့ လက်စတာကို အမြဲမြင်နေရတာလည်း ဖြစ်နိုင်ပါတယ်”

“သူတို့ ကစားသမား ခေါ်ယူမှုတွေ၊ အခြေအနေအများစုနဲ့ အသားကျအောင် ထိန်းညှိမှုတွေနဲ့ အကောင်းဆုံး လုပ်နိုင်ခဲ့ပေမဲ့ တစ်ခါတစ်လေ သူတို့ သိပ်ပြီး ခြေစွမ်းမတည်မငြိမ်ဖြစ်တဲ့ အချိန်တွေလည်း ရှိပါတယ်။ ဒါမျိုးက ဖြစ်တတ်ပေမဲ့ တစ်ပွဲချင်းစီ ကြည့်လိုက်ရင် သူတို့မှာ ရှိတဲ့ အရည်အချင်းနဲ့ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ သူတို့ရဲ့ ဂိုးသမားနေရာကနေ ဗာဒီအထိ အရည်အချင်းတွေကို မြင်နိုင်တာကြောင့် အရင်ကအတိုင်းပဲ အသိအမှတ်ပြုမှု ဆက်ပေးထားပြီး တန်ဖိုးထားထားပါတယ်”လို့ ပြောခဲ့ပါတယ်။

လက်စတာအသင်းဟာ တော့တင်ဟမ်၊ အဲဗာတန်တို့နဲ့ပွဲစဉ်တွေကို ရွှေ့ဆိုင်းခဲ့ရပြီးနောက် ဒီဇင်ဘာ ၁၂နောက်ပိုင်း ပထမဆုံး လိဂ်ပွဲစဉ်ကို ကစားသွားမှာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကြားရက် ကာရာဘောင်ဖလားမှာ လီဗာပူးနဲ့ ရင်ဆိုင်ခဲ့သေးပေမဲ့ ပင်နယ်တီမှာ ရှုံးကာ ကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရပါတယ်။

မန်စီးတီးအသင်းကတော့ ကြားရက်က ရှားရှားပါးပါး အနားရထားပေမဲ့ ရှေ့ပွဲတွေဖြစ်တဲ့ လိဒ်စ်၊ နယူးကာဆယ်တို့နဲ့ ပွဲစဉ်တွေမှာတော့ ၁၁ဂိုးသွင်းကာ ပေးဂိုး မရှိခဲ့ပါဘူး။

#မန်စီးတီး #လက်စတာ #ဂွါဒီယိုလာ