ရှေ့သို့
Image

အိုးလ်ထရက်ဖို့ဒ်မှာ ပရိသတ်ဦးရေ ပိုဝင်ဆံ့ဖို့ အဆင့်မြှင့်တင်မှုတွေပြုလုပ်သွားမယ့် ယူနိုက်တက်

6:08 PM, 24 December

မန်ချက်စတာယူနိုက်တက်အသင်းဟာ အိုးလ်ထရက်ဖို့ဒ်ကွင်းကြီးကို ကြီးမားတဲ့ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်သွားမယ့် မာစတာပလန်တစ်ခု ဆွဲနေတယ်လို့ သိရပါတယ်။ တရားဝင်အတည်ပြုမှုတွေ မရှိသေးပေမယ့်လည်း ယူနိုက်တက်ဟာ လက်ရှိဝင်ဆံ့တဲ့ ပရိသတ်ဦးရေ ၇၄၁၄၀ ထက် ပိုများတဲ့ အရေအတွက် ရောက်အောင် ပွဲကြည့်စင်တွေကို တိုးချဲ့သွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

တာဝန်ရှိသူတွေကတော့ အသင်းရဲ့ပရိသတ်ဝင်ဆံ့မှုနှုန်းကို တိုးချဲ့မှာသေချာကြောင်းနဲ့ အခြားမြှင့်တင်မှုတွေလည်း ပြုလုပ်ဖို့ရှိကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် ကွင်းတိုးချဲ့မှုစီမံကိန်းအရတော့ အနည်းဆုံး ပရိသတ် ၈၀၀၀၀ ထက်မနည်း ဝင်ဆံ့အောင် ပြင်ဆင်သွားဖွယ် ရှိနေပါတယ်။ ယူနိုက်တက်ဟာ အသင်းရဲ့နာမည်ကျော် ကွင်းကြီးရဲ့ အနာဂတ်အတွက် ကြီးမားတဲ့ စီမံကိန်းကြီးတွေကိုလည်း ချမှတ်ထားပါသေးတယ်။ 

ယူနိုက်တက်တာဝန်ရှိသူတွေအနေနဲ့ ဗိသုကာကုမ္ပဏီတွေ၊ အင်ဂျင်နီယာကုမ္ပဏီတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး လာမယ့်အစီအစဉ်တွေက စိတ်လှုပ်ရှားစရာကောင်းကြောင်း ပြောခဲ့ကြပါတယ်။ ဆွေးနွေးဆဲဖြစ်တာကြောင့် အစီအစဉ်တွေကို ပြန်လည်ပြင်ဆင်မှုတွေလည်း ရှိလာနိုင်ပြီး အဓိကပြင်ဆင်မှုတွေကတော့ အဆင့်မြှင့်တင်မှုနဲ့ တိုးချဲ့မှုတွေပဲ ဖြစ်ပါတယ်။ ကွင်းရဲ့ ဧရိယာအများစုကို တိုးမြှင့်မှာဖြစ်ပြီး တိုးချဲ့မှုအသစ်တွေ၊ မြင်ကွင်းအသစ်တွေလည်း ပါဝင်လာဦးမှာဖြစ်ပါတယ်။ 

ဒါပေမယ့် တည်ရှိနေတာ ကြာပြီဖြစ်တဲ့ တောင်ပိုင်းပွဲကြည့်စင်အနောက်က ရထားလမ်းကတော့ ယူနိုက်တက်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက် အဓိကပြဿနာတစ်ခု ဖြစ်နေပါတယ်။ ဒါပေမယ့် နည်းပညာအဆင့်မြင့်လာမှုနဲ့အတူ အဆိုပါရထားလမ်းက ပြဿနာတစ်ခု မဟုတ်တော့ဘူးလို့တော့ အင်ဂျင်နီယာကုမ္ပဏီတွေက ပြောခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ ပွဲကြည့်စင်တွေကိုတော့ အပေါ်ကို တစ်ထပ် ထပ်ဆောက်တာနဲ့ ဘေးချင်းကပ်အနေအထားတွေကို တိုးချဲ့ဖို့စီစဉ်ထားပါတယ်။ 

ကာရင်တန်ထရိန်နင်ကွင်းကိုလည်း တိုးချဲ့နိုင်ဖို့အတွက် မာစတာပလန်နာတစ်ဦးကိုလည်း ခန့်အပ်ထားပြီး ကမ္ဘာ့အပြည့်စုံဆုံးနဲ့ အကောင်းဆုံး ထရိန်နင်ကွင်းကြီးတစ်ခုအဖြစ် ပြုပြင်ပြောင်းလဲသွားဖို့ ရည်ရွယ်ထားပါတယ်။ စိုးရိမ်စရာတစ်ခုကတော့ ယူနိုက်တက်အနေနဲ့ ပြုပြင်ပြောင်းလဲမှု ကာလအတွင်း အိုးလ်ထရက်ဖို့ဒ်ကနေ ပြောင်းရွှေ့ကစားနိုင်တဲ့ အချက်ပါပဲ။ ပြင်ဆင်မှုတွေက ပရိသတ်ဝင်ဆံ့မှုအတွက် အကျိုးရှိစေနိုင်ပေမယ့် အသင်းအနေနဲ့ကတော့ အနီးနားက အိမ်ကွင်းပွဲစဉ်တွေ ကစားလို့ရနိုင်လောက်တဲ့ ကွင်းတစ်ခုကို ကာလတိုပြောင်းရွှေ့ကစားရနိုင်ပါတယ်။ 

ကုန်ကျစရိတ်နဲ့ အချိန်ကာလအတွက်တော့ နောက်ဆုံးဆုံးဖြတ်ချက် မချမှတ်ရသေးပေမယ့် ပရိသတ်တွေရဲ့ ကောင်းမွန်တဲ့အတွေ့အကြုံတွေ ရရှိစေဖို့ အဆုံးမရှိတဲ့ အဆင်မြှင့်တင်မှုတွေကို ပြုလုပ်လိုတယ်လို့ ပြောခဲ့ပါတယ်။ နောက်ဆုံးဒီဇိုင်းကိုတော့ ယူနိုက်တက်အသင်းပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာမိသာစုရဲ့ ခွင့်ပြုချက်နဲ့ အတည်ပြုရမှာပါ။ ဂလေဇာမိသားစုဟာ မကြာသေးမီကဖြစ်ခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်း ပရိသတ်တွေက အသင်းကို လစ်လျူရှုခဲ့တာတွေကို ပြင်ဆင်ဖို့ တောင်းဆိုခဲ့ကြတာကြောင့် အသင်းအပေါ် ပိုမိုရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်ကိုလည်း ကမ္ဘာ့အကောင်းဆုံး ကွင်းတစ်ကွင်းဖြစ်လာအောင် ပြုပြင်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #ရန်နစ်