ရှေ့သို့
Image

ပရီးမီးယားလိဂ်ကလပ်တွေ ကာရာဘောင်ဖလား မကန်သင့်ဘူးလို့ ပြောလာတဲ့ ရန်နစ်

4:17 PM, 24 December

မန်ချက်စတာယူနိုက်တက်နည်းပြ ရာ့ဖ်ရန်နစ်ကတော့ ပရီးမီးယားလိဂ်ကလပ်တွေအနေနဲ့ လာမယ့်ပွဲကျပ်တွေနဲ့ ပြန်ကန်ပွဲတွေကြောင့် ကာရာဘောင်လို ဖလားပွဲတွေ ဆက်မကစားသင့်တော့ဘူးဆိုပြီး အကြံပေးခဲ့ပါတယ်။ ယူနိုက်တက်ကို ရောက်တာမကြာသေးတဲ့ ရန်နစ်ကတော့ လက်ရှိအင်္ဂလန်ကလပ်တွေရဲ့ များပြားလွန်းတဲ့ ပွဲချိန်ဇယားတွေနဲ့ ပက်သက်လို့ အခုလိုမျိုး သူ့ရဲ့ခံစားချက်ကို ပြောလာတာ ဖြစ်ပါတယ်။

လီဗာပူး၊ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ တော့တင်ဟမ်တို့အားလုံး ဒီတစ်ပတ်ထဲမှာပဲ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ကြပြီး နောက်ဆုံးလေးသင်း အဆင့်မှာ အာဆင်နယ်က လီဗာပူး၊ ချဲလ်ဆီးက တော့တင်ဟမ်တို့နဲ့ ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။

လိဂ်ဖလားပြိုင်ပွဲဟာ ပရီးမီးယားလိဂ်နည်းပြတွေအတွက် အဓိက ကစားသမားတွေကို အနားပေးပြီး အရန်ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို အခွင့်အရေးပေးနိုင်တဲ့ ပြိုင်ပွဲဖြစ်တာကြောင့် တစ်ချို့ကစားသမားတွေအတွက်တော့ ပထမအသင်းတွေမှာ ကစားခွင့်ရတဲ့ အထူးအခွင့်အရေး တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ရန်နစ်ကတော့ ပွဲကျပ်တွေများစွာရှိနေတာကြောင့် ဒီလိုပြိုင်ပွဲတွေဟာ ပရီးမီးယားလိဂ်ကလပ်တွေကို ပိုပြီးခက်ခဲစေနိုင်တာကြောင့် ပွဲအရေအတွက် တတ်နိုင်သမျှ လျှော့ချစေချင်နေတာဖြစ်ပါတယ်။

ရန်နစ်က “ဖလားပြိုင်ပွဲနှစ်ခု ကစားနေတဲ့ ထိပ်တန်းလိဂ်ဆိုလို့ အင်္ဂလန်လိဂ်တစ်ခုပဲ ရှိပါတယ်။ ပြင်သစ်ဆိုရင် ဒုတိယဖလားပြိုင်ပွဲကို ဖျက်သိမ်းလိုက်ပါပြီ။ ဒီအချက်က ကျွန်တော်တို့ ဆွေးနွေးသင့်တဲ့ အချက်ဖြစ်လာပါပြီ။ လိဂ်ဖလားက တတိယတန်းလိဂ်နဲ့ စတုတ္ထတန်းလိဂ်တွေကို ဘဏ္ဍာရေးတိုးတက်စေမယ့် လိဂ်အနေနဲ့ပဲ ပိုဖြစ်သင့်တယ်။ ဒါပေမယ့် ပွဲချိန်ဇယားမှာ ပွဲတွေအရမ်းကျပ်နေတဲ့ အချိန်ကျတော့ ဒီပြိုင်ပွဲက ပြောစရာဖြစ်လာပြီ။ ပြီးတော့ FA ဖလားနဲ့ ပြန်ကန်ပွဲတွေ။ ဒါတွေသာ ပြောင်းလဲနိုင်ရင် ကောင်းတာတွေဖြစ်လာမယ်လို့ထင်တယ်။ အခြားနိုင်ငံတွေမှာဆို ပြန်ကန်ပွဲဆိုတာ မရှိဘူး၊ ဒီအချက်(FA ရဲ့ပြန်ကန်ပွဲတွေ)ကတော့ အဓိကပြောရမယ့်အချက်ပဲ”ဆိုပြီး ပြောခဲ့ပါတယ်။

ဒါ့အပြင် ကိုဗစ်ပြဿနာတွေအပြင် ကစားရမယ့်ပွဲတွေလည်း များလွန်းနေတာကြောင့် ပရီးမီးယားလိဂ်မှာ ကစားသမား ၅ ယောက်လဲလှယ်ခွင့် ပြုပေးသင့်တယ်ဆိုပြီးတော့လည်း တိုက်တွန်းခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေးအလွန် ပွဲတွေပြန်စခါစကတော့ Project Restart ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် တာဝန်ရှိသူတွေက ပရီးမီးယားလိဂ်အသင်းတွေကို ကစားသမား ၅ ယောက် လဲခွင့်ပြုခဲ့ဖူးပါတယ်။

ရန်နစ်က “ကစားသမား ၅ ယောက်လဲခွင့်မရှိတဲ့ လိဂ်ဆိုလို့ အင်္ဂလန်တစ်ခုပဲ ကျန်တော့တယ်။ ကိုဗစ်ပြဿနာတွေစလာတဲ့ လွန်ခဲ့တဲ့ ၁၈ လလောက်ကတော့ အသင်းတိုင်း ၅ ယောက်လဲခွင့် ရခဲ့တယ်။ အဲ့ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ၊ကစားသမား ပြောင်းလဲသုံးလို့ရတော့ စွမ်းအားချွေတာရာလည်း ရောက်တယ် အထူးသဖြင့် ကိုဗစ်ကပြန်သက်သာလာ ကစားသမားတွေအတွက်တော့ အကောင်းဆုံးပါ။ အခုချိန်ကလည်း အတူတူပဲ။ လွန်ခဲ့တဲ့တစ်နှစ်ခွဲက အခြေအနေချင်းက တူပါတယ်။ အဲ့ဒီတုန်းကလို မလုပ်နိုင်စရာအကြောင်း မရှိပါဘူး။ ၅ ယောက်လဲခွင့်က အရမ်းအထောက်အကူ ဖြစ်ပါတယ်။ ပွဲကစားချိန်လိုအပ်နေတဲ့ ကစားသမားတွေအတွက် ကောင်းတယ်။ အခြားနိုင်ငံတွေလည်း လုပ်နေတာပဲ၊ ကစားတွေဘက်ကပဲ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် အများလက်ခံရင်တော့ မလုပ်နိုင်စရာမရှိပါဘူး”ဆိုပြီး ထပ်လောင်းအကြံပေးခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရန်နစ်