ရှေ့သို့
Image

ပွဲစဉ်၂ပွဲ ရွှေ့ဆိုင်းခဲ့ရပြီးနောက် ယူနိုက်တက်ရဲ့ ကိုဗစ်ကူးစက်ခံရမှု အခြေအနေကို ပြောပြလာတဲ့ ရန်နစ်

10:19 AM, 24 December

ရက်ဖ် ရန်နစ်က ၂ပတ်ကြာ ကိုဗစ်ကူးစက်မှုနှုန်း မြင့်မားမှုကြောင့် ပွဲစဉ်တွေ နားခဲ့ရပြီးနောက် ယူနိုက်တက်အသင်းမှာ ကစားသမား အင်အားအပြည့် ပြန်ရနေပြီဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ နောက်ဆုံး ၂ပွဲစဉ် ၂ပွဲဖြစ်တဲ့ ဘရန့်ဖို့ဒ်၊ ဘရိုက်တန်တို့နဲ့ ပွဲစဉ်တွေကို အသင်းမှာ ရွေးစရာ ကစားသမား ၉ဦးသာ ရှိတာကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။ ဒါပေမဲ့ ယာယီနည်းပြ ရန်နစ်က လာမယ့် တနင်္လာနေ့ နယူးကာဆယ်နဲ့ပွဲစဉ်မှာတော့ ဒဏ်ရာရနေတဲ့ ပေါ့်ဘာက လွဲရင် ကစားသမားအားလုံး ရွေးချယ်ခွင့်ရဖို့ မျှော်လင့်ထားကြောင်း ပြောခဲ့ပါတယ်။

ရန်နစ်က “ခင်ဗျားတို့ သိတဲ့အတိုင်း ကျွန်တော်တို့ ပြီးခဲ့တဲ့အပတ်က ကြာသပတေးနေ့မှာ လေ့ကျင့်ခန်း ဆင်းခဲ့ပါတယ်။ အဲ့ဒီနောက် ကျွန်တော်တို့မှာ ကစားသမား ၈ဦးလျော့သွားခဲ့ပြီး ဂိုးသမား၃ယောက်လည်း ပါတာကြောင့် လေ့ကျင့်ရေးကွင်းကို ၄ရက်ကြာ ပိတ်ထားခဲ့ရပါတယ်။ ဒီနေ့က ယခုအပတ် လေ့ကျင့်ခန်း ၃ရက်မြောက်နေ့ပါ။ ကျွန်တော်တို့ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့နဲ့ ဒီနေ့ လေ့ကျင့်ခဲ့ပြီး ပေါ့ဂ်ဘာကလွဲရင် ကစားသမား ၂၅ယောက် ရှိနေပါတယ်။ အားလုံး ပြန်လာနိုင်ပြီး ပြီးခဲ့တဲ့အပတ်ကထက် တိုးတက်လာတာ အရမ်းကောင်းပါတယ်”

“ကျွန်တော် ဒီနေ့ လေ့ကျင့်ခန်း အစီအစဉ်မှာ မြင်ရသလောက် သူတို့အားလုံး အခြေအနေကောင်းပြီး အိမ်စာလုပ်လာကြပါတယ်။ သူတို့ အိမ်မှာ လေ့ကျင့်ကြပြီး အချိန်ဇယားအတိုင်း အလုပ်လုပ်ခဲ့ကြပါတယ်။ သူတို့ အများစု နယူးကာဆယ်နဲ့ပွဲအတွက် အသင့်ဖြစ်နိုင်ပေမဲ့ အချို့ကတော့ အသင်းမှာ ပါမပါရွေးချယ်တဲ့အခါ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချရပါမယ်။ မနက်ဖြန်လည်း လေ့ကျင့်ခန်းဆင်းဦးမှာ ဖြစ်ပြီး ခရစ္စမတ်နေ့မှာတော့ နားရက် လုပ်ပါမယ်။ အဲ့ဒီနောက် နောက်ဆုံးလေ့ကျင့်ခန်းကို တနင်္ဂနွေနေ့မှာ လုပ်ပြီး ညနေကျ နယူးကာဆယ်ကို သွားကြပါမယ်”လို့ ပြောခဲ့ပါတယ်။

ရန်နစ်က ပွဲကျပ်ကာလအတွင်း ကစားသမားတွေအပေါ် ဖိအားများနေမှာကို သိရှိထားပြီး လက်ရှိ လူစားလဲမှု ၃ခုကနေ ဥရောပမှာလို ၅ခုအထိ တိုးမြင့်ပေးတာမျိုး မြင်ချင်ကြောင်း ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရန်နစ်