ရှေ့သို့
Image

အက်စတွန်ဗီလာနဲ့ ဘောက်ဆင်ဒေးပွဲစဉ်မတိုင်ခင် လူကာကူ၊ အိုဒွိုင်းလ်နဲ့ ခရစ္စတီယန်ဆန်တို့ကို ပြန်ရခဲ့ပြီဖြစ်တဲ့ ချဲလ်ဆီး

9:47 AM, 24 December

ရိုမီလူ လူကာကူ၊ ကာလမ် ဟတ်ဆန်-အိုဒွိုင်းလ်နဲ့ အန်ဒရက်စ် ခရစ္စတီယန်ဆန်တို့ဟာ အက်စတွန်ဗီလာနဲ့ ဘောက်ဆင်ဒေးပွဲစဉ် မတိုင်ခင် ချဲလ်ဆီးမှာ လေ့ကျင့်ခန်း ပြန်ဆင်းနေခဲ့ပြီ ဖြစ်ပါတယ်။ လူကာကူနဲ့ အိုဒွိုင်းလ်တို့ဟာ ကိုဗစ်ဖြစ်နေတာကြောင့် အဲဗာတန်၊ ဝုဗ်တို့နဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့ပြီး ခရစ္စတီယန်ဆန်ကလည်း နောက်ကျောဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။

အဆိုပါ ကစားသမား ၃ဦးစလုံးဟာ ယမန်နေ့က လေ့ကျင့်ခန်း ဆင်းနေပြီဖြစ်ပြီး အသင်းကလည်း လူကာကူနဲ့ အိုဒွိုင်းလ်တို့ Negative ပြပြီလို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ လူကာကူနဲ့ အိုဒွိုင်းလ်တို့ဟာ အင်္ဂလန်မှာ ကိုဗစ်စည်းမျဉ်းတွေ ပြောင်းလဲလိုက်ရာကနေ အကျိုးအမြတ် ရရှိခဲ့ပါတယ်။

ကိုဗစ် တွေ့ရှိတဲ့ ကစားသမားတွေအနေနဲ့ ၆ရက်နဲ့ ၇ရက်မြောက်နေ့တွေမှာ ပြန်စစ်လို့ Negative တွေ့ခဲ့ရင် သီးခြားစီ ခွဲနေမှုကို ၇ရက်နဲ့ ရပ်လိုက်လို့ရတာပဲ ဖြစ်ပါတယ်။ အဆိုပါ စည်းမျဉ်းအပြောင်းအလဲ မလုပ်ခဲ့ရင် တိုက်စစ်ကစားသမား၂ဦးအနေနဲ့ ၁၀ရက်ကြာ ကွာရန်တင်းဝင်ရမှာပါ။

လူကာကူ၊ အိုဒွိုင်းလ်နဲ့ ခရစ္စတီယန်ဆန်တို့ ပြန်လာနိုင်ခြင်းက ကိုဗစ်နဲ့အတူ ဒဏ်ရာရ ကစားသမားတွေ များနေတဲ့ ချဲလ်ဆီးအတွက် သတင်းကောင်း ဖြစ်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူဟာလည်း ဗီလာနဲ့ စက်တင်ဘာ ၁၁ရက်နေ့ ပွဲအပြီး ဂိုးမသွင်းနိုင်ခဲ့တာကြောင့် မနက်ဖြန်ညမှာ ဂိုးပြန်သွင်းနိုင်ဖို့ မျှော်လင့်နေပါတယ်။

လူကာကူနဲ့ အိုဒွိုင်းလ်တို့ဟာ အဲဗာတန်နဲ့ပွဲမတိုင်ခင် ကိုဗစ်ပိုးတွေ့ခဲ့တာဖြစ်ပြီး ဝါနာ၊ ဘန်ချီဝဲလ်တို့နဲ့အတူ ပွဲကို လွဲချော်ခဲပါတယ်။ ချဲလ်ဆီးအသင်းဟာ ကွင်းလယ်လူ ဂျော်ဂျင်ဟို၊ ကိုင်ဟားဗက်ဇ်နဲ့ လော့ဖ်တက်ချိတို့ သီးခြားစီ ခွဲနေရချိန် ဝုဗ်နဲ့ပွဲကို ရွှေ့ဆိုင်းဖို့ တောင်းဆိုခဲ့ပေမဲ့ ပရီးမီးယားလိဂ်က ပယ်ချခဲ့ပါတယ်။

#ချဲလ်ဆီး #အက်စတွန်ဗီလာ #အိုဒွိုင်း #လူကာကူ