ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနည်းပြကို ရွေးချယ်ခဲ့တဲ့ ရွိုင်ကိန်း
3:00 PM, 23 December
မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကတော့ ဂျာဂန်ကလော့ပ်နဲ့ သောမတ်စ်တူချယ်ဟာ လက်ရှိပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နည်းပြအဖြစ်တော့ မရွေးချယ်ခဲ့ပါဘူး။
ကလော့ပ်၊ တူချယ်၊ ပက်ဂွာဒီယိုလာ၊ အန်တိုနီယိုကွန်တီ၊ ရာ့ဖ်ရန်တစ်စတဲ့ ကမ္ဘာ့အကောင်းဆုံး နည်းပြအတော်များများ ပရီးမီးယားလိဂ်ကို ရောက်ရှိလာကြပြီဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ မီခေးလ်အာတီတာ၊ ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာ၊ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်ခ်တို့လို ထိပ်တန်းအဆင့်ကို ရောက်လာနိုင်တဲ့ နည်းပြတွေလည်းရှိနေတာကြောင့် ပရီးမီးယားလိဂ်ဟာ ဥရောပရဲ့ ထိပ်တန်းလိဂ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ကိန်းက ဂွာဒီယိုလာဟာ ကျန်တဲ့ပြိုင်ဘက်တွေနဲ့ ပိုသာတဲ့ အဆင့်တစ်ခုကို ရောက်ရှိနေပြီဖြစ်တာကြောင့် တစ်မူထူးခြားနေသူအဖြစ် ပရီးမီးယားလိဂ် ချန်ပီယံတိုက်စစ်ပွဲအကြောင်း မီကာရစ်ချက်နဲ့ ဆွေးနွေးရင်း ပြောသွားခဲ့ပါတယ်။
ကိန်းက “ မနှစ်က ပွဲတစ်ခုလုပ်ခဲ့တာ မှတ်မိသေးတယ်၊ မန်စီးတီးအကြောင်းရေးဖို့ မရည်ရွယ်ခဲ့ပေမယ့် အဲ့ဒီတုန်းက သူတို့ရဲ့ မှော်အစွမ်း ဆုံးရှုံးသွားပြီလို့ ပြောခဲ့မိတယ်ထင်တယ်။ အမှန်တော့ သူတို့အရမ်းကြိုးစားနေမှန်း ကျွန်တော်သိပါတယ် ဒါပေမယ့် သူတို့နောက်ဆုံးမှာ ချန်ပီယံဖြစ်သွားပြီး ယူနိုက်တက်ကလည်း ဒုတိယပဲရခဲ့ပါတယ်။ ဒါပေမယ့် အမှတ်ကတော့ ဘယ်လိုမှလိုက်မမီခဲ့ပါဘူး။ အဲ့ဒါကြောင့် အခုချိန်မှာ မန်စီးတီးကို ယှဉ်ဖို့မကြိုးစားတော့ဘူး။ မနှစ်ကတည်းက သင်ခန်းစာရသွားပြီ။ လီဗာပူးနဲ့ချဲလ်ဆီးက ချန်ပီယံဆုကို စိန်မခေါ်နိုင်ဘူးလို့ ပြောတာမဟုတ်ပေမယ့် ပက်ကတော့ တစ်မူထူးတဲ့သူပါ။ အခြားနည်းပြတွေနဲ့ ယှဉ်ရင် ပက်က တကယ့်ကိုတစ်မူထူးခြားနေတဲ့ သူပါပဲ ” ဆိုပြီး ပြောသွားခဲ့ပါတယ်။
ရစ်ချက်စ်က ဂွာဒီယိုလာက အကောင်းဆုံးနည်းပြလို့ ပြောချင်တာလားလို့ မေးမြန်းရာမှာတော့ ကိန်းက “ ဒါပေါ့၊ လူတွေက သူ့မှာအကောင်းဆုံးကစားသမားတွေရှိတယ်လို့ ပြောကြပေမယ့် သူတို့ကို ကောင်းကောင်းစီမံခန့်ခွဲနိုင်ဖို့လိုတယ်။ ကစားဖို့ စတိုင်တစ်ခုရှိရမယ်။ ဒါတွေကိုသာလုပ်နိုင်ရင် အခုမန်ချက်စတာစီးတီးကို မြင်ရသလို မြင်ရလိမ့်မယ် ဟုတ်တယ်မလား ” ဆိုပြီး ပြောခဲ့ပါတယ်။ ဂွာဒီယိုလာဟာ ၂၀၁၆ မှာ စတင်ရောက်ရှိခဲ့ပြီးနောက် မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံ ၃ ကြိမ် ရရှိထားပြီး ဒီရာသီ ၁၈ ပွဲကစားပြီးချိန်မှာလည်း မန်ချက်စတာကလပ်ဟာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာရပ်တည်လျက်ရှိပါတယ်။