ဗာဒီတစ်ယောက် တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာကြောင့် ပင်နယ်တီ မကန်ခဲ့တာဖြစ်ကြောင်း ရော်ဂျာ ထုတ်ဖော်ပြောကြား
10:13 AM, 23 December
လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက တိုက်စစ်မှူး ဗာဒီဟာ လီဗာပူးကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် ပင်နယ်တီမကန်ခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လက်စတာဟာ အန်ဖီးလ်မှာ ကလော့ပ်ရဲ့လီဗာပူးကို ၃-၃ ဂိုးသရေကန်ခဲ့ပေမယ့် ပင်နယ်တီမှာ ၅-၄ ဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ဗာဒီဟာ မူလကလက်စတာအသင်းနဲ့ နံပါတ် ၁ ပင်နယ်တီကန်သွင်းသူဖြစ်ပေမယ့် မကန်ခဲ့ပဲ လုခ်သောမက်စ် နဲ့ ရိုင်ယန်ဘာထရန်တို့ ပင်နယ်တီလွဲခဲ့တာကြောင့် အရေးနိမ့်ခဲ့ရပါတယ်။ ရော်ဂျာက ဗာဒီဟာ သာမန်ပွဲကစားချိန်မှာပဲ တံကောက်ကြောဒဏ်ရာ ရရှိနေတာဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
"သူ့ကိုထုတ်လို့မရပါဘူး။ ဒါပေမယ့် သူတံကောက်ကြောဒဏ်ရာရရှိနေပါတယ်။ ပုံမှန်ဆိုရင် သူက ပင်နယ်တီကန်ရမယ့်သူပါ။ နာချိုနဲ့ ဗက်စ်တီဂတ်တို့ရှိတာကြောင့် သူတို့ကို ပွဲထည့်ထားခဲ့ရပါတယ်။ အယ်လ်ဘရိုက်တန်က ညာနောက်ခံလူ နဲ့ အန်ဒီဒီက ကွင်းလယ်မှာကစားနေပါတယ်"လို့ ရော်ဂျာက ပြောကြားခဲ့ပါတယ်။
လက်စတာအတွက် သွင်းဂိုး၂ ဂိုးကို ဗာဒီက သွင်းယူပေးနိုင်ခဲ့ပေမယ့် ချိန်ဘာလိန်က ချေပဂိုးပြန်လည် သွင်းယူပေးနိုင်ခဲ့ကာ ၃၃ မိနစ်မှာ မက်ဒီဆင်က တတိယဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လက်စတာ ကစားအားကျဆင်းလာကာ ဂျိုတာ ၊ မီနာမီနိုတို့က ချေပဂိုးတွေပြန်လည်သွင်းယူပေးခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။
ပင်နယ်တီ အဆုံးအဖြတ်မှာ လီဗာပူးအသင်းက ၅-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့ကာ ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ပြီး အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
#လီဗာပူး #လက်စတာ #ဗာဒီ #ရော်ဂျာ