ရှေ့သို့
Image

ကက်ဂလီယာရီကို ၂-၀ နဲ့နိုင်ခဲ့ပေမယ့် ခြေစွမ်းတိုးတက်ဖို့ လိုသေးကြောင်း ဆက်ဇီနီဝန်ခံ

3:23 PM, 22 December

မနေ့ညက စီးရီးအေပြိုင်ပွဲမှာ ကက်ဂလီယာရီကို ၂-၀ နဲ့ ဂိုးပြတ်နိုင်ခဲ့ပြီး ဂျူဗင်တပ်စ်ရဲ့ ထိပ်ဆုံးလေးသင်းဝင်ခွင့် မျှော်လင့်ချက် ပိုကောင်းလာပေမယ့် ဂိုးသမားဆက်ဇီနီကတော့ သူတို့အသင်းအနေနဲ့ တိုးတက်မှုတွေ လိုအပ်နေသေးကြောင်း ဝန်ခံခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဂိုးသမားဟာ မွိုက်စ်ကိန်းနဲ့ ဖရက်ဒရစ်ကို ဘာနာဒက်စ်ချီတို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ clean sheet လည်း ရယူနိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်ဟာ ရာသီအစပိုင်းမှာ ရလဒ်တွေဆိုးရွားခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲမှာတော့ ပေးဂိုး ၂ ဂိုးသာ ပေးခဲ့ရပါတယ်။ ဒါပေမယ့် ပိုလန်လက်ရွေးစင်ကတော့ သူ့အသင်းဟာ အရမ်းကို စိတ်ကြီးဝင်နေပုံပေါက်နေတာကြောင့် အင်္ဂါညပွဲစဉ်ရဲ့ ခြေစွမ်းအပေါ် ကျေနပ်မှုမရှိကြောင်း ပြောခဲ့ပါတယ်။ ဆက်ဇီနီက “ ကျွန်တော်တို့ အလုပ်ကြိုးစားခဲ့ပေမယ့် ခံစစ်ရော၊ တိုက်စစ်မှာပါ အများကြီးတိုးတက်ဖို့ လိုပါသေးတယ်”

“ တစ်ခါတစ်လေ ၁-၀ လောက်နဲ့နိုင်နေချိန်မှာတောင် အရမ်းကို သက်သောင့်သက်သာဖြစ်နေတာ တွေ့ရတယ် ဒါပေမယ့် ဒါက ရေရှည်အတွက် မကောင်းပါဘူး။ အဲ့ဒီလိုနိုင်နေတဲ့အချိန်ဆိုရင် အသင်းက စိတ်ကြီးဝင်နေသလိုမျိုးပဲ။ အဲ့ဒါကို ကျွန်တော်လုံးဝမကြိုက်ပါဘူး ” ဆိုပြီး ပြောခဲ့ပါတယ်။ ဧည့်သည်အသင်းဟာ ဂိုးရရှိဖို့ အရမ်းကိုနီးစပ်တဲ့ အခွင့်အရေးရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပဲ ဘာနာဒက်စ်ချီရဲ့ နောက်ကျဂိုးကြောင့်သာ ဂျူဗင်တပ်စ်တို့ အနိုင်သေချာသွားခဲ့တာ ဖြစ်ပါတယ်။

ကက်ဂလီယာရီရဲ့ ဘယ်နောက်ခံလူ ဒယ်ဘတ်အနီးကပ် ပိတ်သွင်းခွင့် လွဲချော်ခဲ့သလို ဂျာအိုပက်ဒရိုရဲ့ အပိုင်ခေါင်းတိုက်ချက်ကိုလည်း ဆက်ဇီနီကာကွယ်နိုင်ခဲ့လို့ ဂိုးမပေးခဲ့ရတာလည်း ဖြစ်ပါတယ်။ ဆက်ဇီနီက ဆက်လက်ပြီး “ ဒါမျိုးဖြစ်တာ အကြိမ်ပေါင်း မနည်းတော့ဘူး၊ ဗင်နီဇီယာနဲ့ပွဲတုန်းကလည်း ဂိုးပေးလိုက်ရတယ်။ ဒုတိယပိုင်းရောက်ရင် နောက်မှာပဲ အပေးအယူပဲ လုပ်နေတတ်တယ်။ ၁၀ မိနစ်တစ်ကြိမ် ၁၅ မိနစ်တစ်ကြိမ်လောက် ထထလုပ်တယ်။ ကိုယ်နိုင်နေတယ်ဆိုတိုင်း အဲ့လိုလုပ်လို့ မရပါဘူး၊ အချိန်မရွေး ဂိုးပေးလိုက်ရနိုင်တယ်။ ဒီနေ့အဆင်ပြေသွားလို့ တော်သေးတယ် ဒါပေမယ့် ဗင်နီဇီယာနဲ့ပွဲတုန်းကတော့ ၂ မှတ်ဆုံးရှုံးခဲ့တာကြောင့် ထပ်ဖြစ်လို့ မရတော့ပါဘူး ” ဆိုပြီး ပြောခဲ့ပါတယ်။

ဂျာအိုပက်ဒရိုရဲ့ ခေါင်းတိုက်ချက်ကို လက်ဖျားလေးနဲ့ ကာကွယ်နိုင်ခဲ့တဲ့ အပေါ် ၁၀ မှတ်မှာ ဘယ်နှမှတ်ပေးမလဲလို့ မေးမြန်းရာမှာတော့ ဆက်ဇီနီက “ ၆ မှတ်လောက်ပေါ့။ ဘောလုံးက ဂိုးအလယ်လောက်ပဲ ဝင်လာတာဆိုတော့ သိပြီးမထူးခြားပါဘူး ” လို့ ထပ်လောင်းပြောခဲ့ပါတယ်။

#ဂျူဗင်တပ်စ် #ကက်ဂလီယာရီ #ဆက်ဇနီ #မွိုက်စ်ကိန်း