ရှေ့သို့
Image

မျိုးဆက်သစ်တွေ အဆက်မပြတ်မွေးထုတ်ပေးရာ ဆဲလ်ဘတ်ဘောလုံးစက်ရုံ (ဆောင်းပါး)

2:30 PM, 22 December

စိတ်လှုပ်ရှားဖွယ် လူငယ်တိုက်စစ်မှူးလေး အဒီယီမီတစ်ယောက် သိပ်မကြာခင် အသင်းပြောင်းရွှေ့တော့မှာကို ဆဲလ်ဘတ်အသင်း သိနားလည်ထားသည်။ တစ်ဆက်တည်းမှာပင် အဒီယီမီ၏နေရာတွင် အစားထိုးရန် အောင်မြင်မှုဆာလောင်နေသည့် လူငယ်မျိုးဆက်သစ်များ တံခါးဝတွင် အသင့်စောင့်ဆိုင်းနေမှာကိုလည်း သူတို့ သိနားလည်ထားပါသည်။ ဒါကတော့ သြစတြီးယားကလပ် ဆဲလ်ဘတ်၏လှပလွန်းသည့် လုပ်ငန်းလည်ပတ်မှုပင်ဖြစ်ပါသည်။

ဥရောပထိပ်တန်းအသင်းများက သူတို့ရဲ့လူငယ်မျိုးဆက်တွေကို ဈေးကောင်းပေးဝယ်ယူလာတိုင်း ဆဲလ်ဘတ်က နောက်ထပ်ကျောက်ရိုင်းတုံးလေးတွေကို သွေးဖို့ အမြဲတမ်းအသင့်ရှိနေတတ်ပါသည်။ အသက် ၁၉ နှစ်အရွယ်သာ ရှိသေးသည့် ဂျာမနီလက်ရွေးစင် အဒီယီမီမတိုင်ခင်က ဟာလန်းဖြစ်ခဲ့သည်။ ဟာလန်းမတိုင်ခင်မှာလည်း နဘီကီတာ၊ ဒါယော့အူပါမီကာနိုနှင့် ဆာဒီယိုမာနေးတို့ ရှိခဲ့ကြသည်။ ဒါတောင် သူတို့ကြားထဲမှာ များပြားလှသော လူငယ်မျိုးဆက်သစ်တွေကို မွေးထုတ်ပေးခဲ့သည်။

''အဒီယီမီလိုကစားသမားမျိုးကို အသင်းကြီးအများအပြားက သဘောကျနေတာ သေချာတာပေါ့ဗျာ။ သူကလည်း ကျွန်တော်တို့အသင်းမှာ သူ ဖွံ့ဖြျိုးတိုးတက်ဖို့အတွက် တစ်ဆင့်ပြီးတစ်ဆင့် သွားရမယ်ဆိုတာလည်း သိထားပါတယ်။ အဆင့်မြင့်လယ်ဗယ်မှာ ကျွန်တော်တို့အသင်းနဲ့အတူ ပွဲအများကြီးအခွင့်အရေးရှိနေတာကိုလည်း သူ သိထားပါလိမ့်မယ်။ အချိန်ကျလာရင်တော့ သူလည်း သူ့ကစားသမားဘဝရဲ့နောက်တစ်ဆင့်ကို တက်သွားမှာပေါ့''လို့ ဆဲလ်ဘတ်အသင်းအားကစားဒါရိုက်တာ ဖရူယန်းက ပြောပါသည်။

ဆဲလ်ဘတ်က လူငယ်မျိုးဆက်သစ်တွေကို မွေးထုတ်ပေးနိုင်ရုံသာမက အသင်းကလည်း မျှော်လင့်ထားသည်ထက် ပိုမိုအောင်မြင်နေသည်။ ချန်ပီယံလိဂ်မှာဆိုလျှင် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ၁၆သင်း ရှုံးထွက် တက်ရောက်ထားသည်။ စက်တင်ဘာလအတွင်း ဂျာမနီအသင်းအတွက် ပွဲဦးထွက်မှာ သူ့အတွက် လက်ရွေးစင်ကစားသမားဘ၀ ဗွေဆော်ဦးပါ သွင်းယူနိုင်ခဲ့သော အဒီယီမီမှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၆ပွဲမှာ ၃ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းကလည်း ၂၀၀၀-၀၁ ရာသီက စတမ်းဂရက်ဇ်နောက်ပိုင်း ချန်ပီယံလိဂ်တွင်း နောက်တစ်ဆင့်တက်နိုင်သည့် ပထမဆုံးသြစတြီးယားကလပ်ဖြစ်လာသည်။

ပြောရမည်ဆိုလျှင် ဆဲလ်ဘတ်၏ ဒဿနတွေက ပြောင်းလဲသွားတာက ၂၀၁၂ ခုနှစ်ကဖြစ်သည်။ တိတိကျကျပြောရလျှင် လက်ရှိယူနိုက်တက်ယာယီနည်းပြ ရန်းနစ် ဘောလုံးဒါရိုက်တာအဖြစ် ဆဲလ်ဘတ်ကို ရောက်လာသည့်နှစ်ဖြစ်သည်။ အားဖြည့်အချိုရည် ရက်ဘူးလ်မှ ၂၀၀၅ ခုနှစ်တွင် စတင်ပိုင်ဆိုင်ခဲ့သည့် ဆဲလ်ဘတ်အသင်းသည် ရန်းနစ်ရောက်လာပြီးနောက် အသင်း၏ဒဿနများလည်း ပြောင်းလဲသွားတော့သည်။ ဆဲလ်ဘတ်က လူငယ်တွေကိုပဲ မွေးထုတ်၊ ခေါ်ယူခဲ့ပြီး အသက် ၂၃နှစ်နှင့်အထက် ကစားသမားများကို ခေါ်ယူသည်က ရှားသည်။

ရန်းနစ်၏ counter-pressing စနစ်က ယခုချိန်အထိ ရှင်သန်နေဆဲဖြစ်ပြီး အချက်အလက်များအရ ရန်းနစ်၏အသင်းဟောင်း လိုက်ပ်ဇစ်နှင့် ရန်းနစ် စင်တင်ပေးခဲ့သည့် နည်းပြ တူချယ်၏ ချဲလ်ဆီးအသင်းတို့သာ ယခုရာသီချန်ပီယံလိဂ်တွင် ဆဲလ်ဘတ်ထက် Pressing ပိုင်း ပိုမိုကောင်းမွန်ခဲ့သည်။

''ကျွန်တော်တို့အသင်းဟာ အခုဆိုရင် ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ပျမ်းမျှအသက်အငယ်ဆုံးအသင်းအဖြစ် ၂၂နှစ်ဝန်းကျင်နဲ့ ရပ်တည်နေပါတယ်။ အစပိုင်းမှာတော့ လူတွေက ကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်ကို နားမလည်ခဲ့ကြဘူး။ ဒီလိုလူတွေကို ကျွန်တော်တို့အလုပ်အကြောင်း နားလည်လာစေဖို့ အဆင့်တွေအများကြီးဖြတ်ကျော်ခဲ့ရပါတယ်။ အခုတော့ ကျွန်တော်တို့လည်း ကိုယ်လုပ်ဆောင်ခဲ့တာတွေအတွက် ကြီးကျယ်တဲ့လေးစားမှုတွေ ပြန်ရနေပါပြီ။ အမြဲတမ်းပိုကောင်းနေရမယ်ဆိုတာ မဖြစ်နိုင်ဘဲ ကျွန်တော်တို့အနေနဲ့ ဒီလိုအနေအထားမျိုး ရောက်လာဖို့ နှစ်အကြာကြီးတည်ဆောက်ခဲ့ရတာပါ''ဟု ဖရူယန်းက ပြောပြန်သည်။

ဆဲလ်ဘတ်၏အောင်မြင်မှုတွေမှာ အဓိကကျသည့်ကျောရိုးတစ်ခုကတော့ အသင်း၏ကင်းထောက်စနစ်ဖြစ်သည်။ အသင်း၏ကင်းထောက်အဖွဲ့က တစ်ကမ္ဘာလုံးရှိ မီးခဲပြာဖုံးလူငယ်တွေကို ရအောင်ဖော်ထုတ်ပြီး ကျောက်ရိုင်းတုံးလေးတွေကို တန်ဖိုးကြီးကျောက်တွေအဖြစ် ပြောင်းလဲရင်း အသင်း၏ဝင်ငွေကို ပိုမိုတောင့်တင်းစေခဲ့သည်။

တိုက်စစ်မှူး ဒါကာနှင့် ကွင်းလယ်လူ အမ်ဝီပူတို့ဆိုလျှင် ၂၀၂၀ နွေရာသီကမှ နည်းပါးလွန်းသည့်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့ပြီးနောက် ၂၀၂၁ နွေရာသီတွင် လက်စတာနှင့် ဘရိုက်တန်အသင်းများထံ ပေါင်း ပေါင်သန်း ၅၀ဖြင့် ရောင်းချနိုင်ခဲ့သည်။ ပြီးတော့ ၂၀၂၀ ဇန်နဝါရီလတွင် တိုက်စစ်မှူး မီနာမီနိုကိုလည်း လီဗာပူးအသင်းထံ ရောင်းချခဲ့သည်။ ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း လူငယ်ကြယ်ပွင့်အများစုကို ဆဲလ်ဘတ်အသင်း ထုတ်ရောင်းခဲ့သော်လည်း ဖရူယန်းကမူ အသင်း၏ဆုံးဖြတ်ချက်ထက် ကစားသမားများ၏ဆုံးဖြတ်ချက်ကြောင့်သာ ရောင်းချခဲခြင်းဖြစ်သည်ဟုသိရသည်။

၂၀၂၀ ဇန်နဝါရီလကလည်း ဟာလန်းကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၇.၁ သန်းတည်းဖြင့် ဒေါ့မွန်က ဆဲလ်ဘတ်အသင်းထံမှ ခေါ်ယူသွားခဲ့သေးသည်။ သို့ရာတွင် အဆိုပါစာချုပ်ဖျက်သိမ်းကြေးမှာ လွန်ခဲ့သည့် ၁၇လက မိုလ်ဒီအသင်းမှ ဆဲလ်ဘတ်အသင်း ခေါ်ယူခဲ့စဉ် ကုန်ကျခဲ့ရသည်ထက် ပေါင် ၁၀သန်းကျော် ပိုများနေသေးသည်။ အသင်းကလည်း ထိုအမြတ်ငွေဖြင့်ပင် ဟာလန်း၏နေရာတွင် အစားထိုးရန် ဘေဆယ်တိုက်စစ်မှူး နိုအာအိုကာဖော်ကို ပေါင် ၁၀သန်းဖြင့် ခေါ်ယူခဲ့သည်။ အသက် ၂၁နှစ်အရွယ် အိုကာဖော်အတွက် ဆဲလ်ဘတ်သုံးစွဲခဲ့သည့် ပြောင်းရွှေ့ကြေးက သူတို့ရဲ့စံချိန်တင်ခေါ်ယူမှုဖြစ်ခဲ့သည်။

ဆဲလ်ဘတ်အသင်းမှ ရေးသားသည့် ဆောင်းပါးတစ်ပုဒ်တွင် သူတို့ရဲ့ ကင်းထောက်စနစ်အကြောင်း ခရေစေ့တွင်းကျ ရှင်းပြထားသည်။ ဆဲလ်ဘတ်အသင်း၏ ကင်းထောက်စနစ်က အဆင့်ဆင့်သွားသည်။ ပထမဆုံး ငယ်ရွယ်သည့် ဒေသခံမီးခဲပြာဖုံးလေးတွေကို ရအောင်ရှာသည်။ ဒုတိယအဆင့်ကတော့ ဥရောပဘောလုံးဈေးကွက်ထဲမှ အသက် ၁၆ နှစ်အထက် လူငယ်တွေကို ခေါ်သည်။ အသက် ၁၈ နှစ်ကစလို့ အသင်းကြီးနှင့် စာချုပ်ချုပ်ဆိုနိုင်ပြီဖြစ်သည်။

နိုင်ငံတကာဈေးကွက်မှာလည်း သူတို့ အောင်မြင်မှုအကြီးအကျယ်ရနေသည်။ ဒါကာနှင့် အမ်ဝီပူတို့ကို ဇမ်ဘီယာကလပ် ကာပူးဆဲလ်တစ်အသင်းမှ ခေါ်သည်။ မီနာမီနိုကို ဂျပန်ကလပ် စီရီဇိုအိုဆာကာအသင်းမှ ခေါ်ယူသည်။ ယခုအခါ လိုက်ပ်ဇစ်ရောက်နေပြီဖြစ်သည့် ဟိုင်ဒါရာကို မာလီရှိ လူငယ်အကယ်ဒမီတစ်ခုမှ ခေါ်ယူခဲ့ပြီး လူငယ်ခြေတက် ဘရန်ဒန်အာရွန်ဆန်ကိုလည်း မေဂျာလိဂ်ကလပ် ဖီလာဒဲလ်ဖီးယားယူနီယံမှ ခေါ်ယူခဲ့သည်။

''ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ဘောလုံးကစားဟန်နဲ့ အံဝင်နိုင်မယ့် လူငယ်ကစားသမားတွေကို တစ်ကမ္ဘာလုံးအနှံ့ သေချာအနီးကပ်စောင့်ကြည့်ပြီး တစ်ဘက်မှာလည်း ကိုယ်တွေက လူငယ်မျိုးဆက်တွေကို မွေးထုတ်ပေးရာမှာ လူသိများတဲ့အတွက် ဈေးကွက်ထဲမှာ လုပ်ရကိုင်ရတာ ပိုအဆင်ပြေပါတယ်။ ကစားသမားတွေ၊ မိဘတွေနဲ့ အေးဂျင့်တွေက ကျွန်တော်တို့ဆီ စတင်ဆက်သွယ်လာတာ များနေပြီး ကျွန်တော်တို့ဘက်မှာလည်း ရွေးစရာတွေပိုများလာပါတယ်''လို့ ဖရူယန်းက ပြောသည်။ ရက်ဘူးလ်အကယ်ဒမီ၏အောင်မြင်မှုအတွက် အဓိကသက်သေက ၂၀၁၇ ယူအီးအက်ဖ်အေလူငယ်လိဂ်ဖလားပြိုင်ပွဲမှာ ဆဲလ်ဘတ်အသင်း ဗိုလ်စွဲမှုဖြစ်သည်။ အတိအကျပြောရလျှင် ရက်ဘူးလ်အကယ်ဒမီဖွင့်အပြီး ၃နှစ်အကြာဖြစ်ပြီး ဖိုင်နယ်တွင် ဘင်ဖီကာကို ၂-၁ ဂိုးဖြင့်အနိုင်ရခဲ့ရာ၌ ဒါက ဂိုးသွင်းယူနိုင်ခဲ့သည်။ လိုင်လီနှင့်ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၅တွင် အသင်း၏ပွဲထွက် ၁၁ ဦးအနက် ၇ဦးက အသင်း၏အကယ်ဒမီထွက် ဒါမှမဟုတ် မိတ်ဖက်ကလပ် လီဖာရင်းအသင်းမှဖြစ်သည်။

''သူတို့(လူငယ်မျိုးဆက်သစ်များ) သြစတြီးယားကို ရောက်လာတာက ငွေကြေးအတွက်မဟုတ်ဘူး။ သူတို့ ဆဲလ်ဘတ်ကို ရောက်လာရတဲ့အဓိကရည်ရွယ်ချက်ကတော့ အသင်းကြီးကို ပြောင်းရွှေ့ခွင့်ရဖို့ တစ်ချိန်ချိန်မှာ အခွင့်အရေးရလာမယ်ဆိုတာ သူတို့ နားလည်ထားလို့ပါ။ ဒီအတွက်ကြောင့်ပဲ ကျွန်တော်တို့ဘက်က အဒီယီမီတို့ရဲ့နေရာမှာ အစားထိုးဖို့ မျိုးဆက်အသစ်တွေ စတင်ပျိုးထောင်နေတာပါ''ဟု ဖရူယန်းက ပြောသည်။ ပြောရလျှင် ဆဲလ်ဘတ်အသင်း၏ ဘောလုံးစက်ရုံက ငွေကြေးအရရော အသင်းအောင်မြင်မှုအရပါ အကောင်းဆုံးလည်ပတ်နေသည်ဟုပင် ဆိုရပါတော့မည်။

#အယ်ဒီတာအကြိုက် #ဆောင်းပါးများ #ဆဲလ်ဘတ်