အသင်းမှာ ပွဲကစားခွင့်သာ လိုအပ်တာဖြစ်ကြောင်း ဟက်ထရစ်ဟီးရိုး အန်ကီတီယာ ထုတ်ဖော်ပြောကြား
9:49 AM, 22 December
ဆန်းဒါးလန်းအသင်းနဲ့ ကာရာဘောင်ဖလားပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် အာဆင်နယ် တိုက်စစ်မှူး အန်ကီတီယာက ကစားခွင့်ရရှိချင်တယ်လို့ ပြောကြားလိုက်ပါတယ်။
အသက် ၂၂ နှစ်သားဟာ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ကာ ဇန်နဝါရီမှာ ပြည်ပကလပ်အသင်း တစ်သင်းနဲ့ အကြိုသဘောတူညီမှုရယူထားနိုင်တာဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ အခုလအစောပိုင်းတုန်းက အာဆင်နယ်အသင်းရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းဆန်ထားကာ ပွဲကစားချိန်ပိုမိုလိုချင်နေပါတယ်။
ဆန်းဒါးလန်းအသင်းကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိပြီးနောက် အင်္ဂလန်သားက "ကျွန်တော်က ဘောလုံးကစားချင်တာပါ။ ကစားသမားတိုင်း ကစားချင်ပါတယ်။ ကျွန်တော်လုပ်နိုင်တာက အလုပ်ကြိုးစားဖို့ပါ။ အခွင့်အရေးရလာဖို့တော့ မျှော်လင့်ပါတယ်။ စာချုပ်ရှိနေသေးတာကြောင့် အာဆင်နယ်အတွက် ကျွန်တော်အားလုံးပေးဆပ်မှာပါ။ နည်းပြက အလိုရှိတယ်ဆိုရင် အသင်းကို ကူညီဖို့အသင့်ပါပဲ။ ဘယ်လိုပြိုင်ပွဲမျိုးမှာပဲကစားရ ကစားရ ကျွန်တော်အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းနည်းပြ အာတီတာကလည်း အန်ကီတီယာကို အသင်းမှာ ဆက်ရှိနေစေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။
"ကျွန်တော် အက်ဒီနဲ့ပတ်သက်ပြီး အတွေးကတစ်ခုတည်းရှိပါတယ်။ သူက အသင်းကိုအမြဲတမ်းကူညီချင်တဲ့သူပါ။ သူပွဲကစားခွင့်လိုချင်နေပါတယ်။ အဲ့တာက သူလိုချင်တဲ့အရာပါ။ ကျွန်တော်ကလည်း သူ့ကိုဒီမှာ ဆက်ရှိနေစေချင်ပါတယ်။ အက်ဒီက အသင်းရဲ့အရေးကြီးတဲ့ကစားသမားပါ"လို့ အာတီတာက ပြောကြားခဲ့ပါတယ်။