ရှေ့သို့
Image

ဗွေဆော်ဦးဂိုး သွင်းဖို့ အချိန် ၁၁ မိနစ်ပဲ ယူခဲ့ရတဲ့ပါတီနိုကို အာဆင်နယ်ရဲ့ နောက်ထပ်ပါရမီရှင်တစ်ဦးအဖြစ် ပရိသတ်တွေ ချီးကျူး

9:15 AM, 22 December

အာဆင်နယ်လူငယ်ကြယ်ပွင့်လေး ချာလီပါတီနိုဟာ ဆန်းဒါးလန်းကို ၅-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲမှာ ပထမဆုံးပွဲထွက်ကစားခွင့်ရခဲ့ပြီးနောက် သူ့အတွက် ဗွေဆော်ဦးဂိုးပါ သွင်းယူနိုင်ခဲ့ပြီး ပရိသတ်တွေကလည်း သူ့ကို အသင်းရဲ့ နောက်ထပ်ပါရမီရှင်တစ်ဦးအဖြစ် တင်စားချီးကျူးနေပါတယ်။

အဲဒီပွဲမှာ အန်ကီတီယာက ဟက်ထရစ်နဲ့ ပီပီရဲ့သွင်းဂိုးတွေကြောင့် အာဆင်နယ်အသင်း ၄-၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီးနောက် ပွဲချိန်မိနစ် ၈၀ မှာ စမစ်ရိုအစား လူစားဝင်လာတဲ့ပါတီနိုက ပွဲချိန် ၉၁ မိနစ်မှာ ပထမဆုံးဂိုးပါသွင်းယူနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး အန်ကီတီယာက ဟက်ထရစ်ရှင်ဖြစ်ခဲ့ပေမယ့် ပွဲအပြီးမှာ အာဆင်နယ်ပရိသတ်တွေက ချာလီပါတီနိုရဲ့နာမည်ကို သံပြိုင်အော်ဟစ်ကာ သူတို့ရဲ့နောက်ဆုံးထုတ်ကုန်လေးကို အားပေးခဲ့ကြပြီး ကွင်းထဲမှာအပြင် လူမှုမီဒီယာမှာလည်း အာဆင်နယ်ပရိသတ်တွေက ပါတီနိုကို ချီးကျူးရေးသားခဲ့ကြပါတယ်။

နာမည်ကျော် YouTuber တစ်ဦးဖြစ်တဲ့ ချန့်ဇ်ကလည်း ပါတီနိုက ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ကြောင်း ချီးကျူးခဲ့ပြီး ပရိသတ်တစ်ဦးကလည်း မျိုးဆက်တစ်ခုရဲ့ပါရမီရှင်တစ်ဦးအဖြစ် တင်စားခဲ့ပါတယ်။

''ပါတီနို ဂိုးသွင်းတာကို မြင်လိုက်ရတော့ ကိုယ့်သားအတွက် ကျေနပ်ဂုဏ်ယူနေတဲ့ ဖခင်တစ်ယောက်လိုမျိုး ခံစားရပါတယ်။ ပါတီနိုအတွက် ကျွန်တော် အရမ်းကိုကျေနပ်မိပါတယ်။ ဒီအခိုက်အတန့်လေးအတွက် သူဘယ်လောက်အထိ ခံစားပျော်ရွှင်နေမလဲဆိုတာ မှန်းဆနိုင်ပါတယ်''လို့ အာဆင်နယ်ပရိသတ်တွေက အသီးသီးရေးသားခဲ့ကြပါတယ်။

အာဆင်နယ်ဟာ လူငယ်မျိုးဆက်တွေကို မွေးထုတ်ပေးရာမှာ နာမည်ကျော်သူဖြစ်ပြီး နည်းပြအာတီတာရဲ့ အခွင့်အရေးပေးမှုကြောင့် ယခုရာသီမှာ အကယ်ဒမီထွက် ကစားသမားတွေဖြစ်တဲ့ ဆာကာနဲ့ စမစ်ရိုတို့က အသင်းရဲ့အဓိက ကစားသမားတွေအဖြစ် ခြေစွမ်းပြနေပါတယ်။ ပရိသတ်တစ်ဦးကဆိုရင် အင်္ဂလန်အသင်း နည်းပြဆောက်ဂိတ် အနေနဲ့ အနာဂတ်မှာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်နိုင်တဲ့အသင်းကို တည်ဆောက်ပေးလို့ အာဆင်နယ်ကို ကျေးဇူးတင်ရမယ်လို့ နောက်ပြောင်သွားပါတယ်။

#အာဆင်နယ် #ကာရာဘောင်ဖလား #ဆန်းဒါးလန်း #ပါတီနို