ရှေ့သို့
Image

၂ပွဲဆက် ဂိုးသွင်းနိုင်ပေမယ့် ကံကောင်းလို့ ထုတ်ပယ်မခံခဲ့ရတဲ့ အိုဇေးလ်

12:48 PM, 21 December

ဖီနာဘာချီအသင်းကွင်းလယ်လူ အိုဇေးလ်ဟာ ယခုရာသီအတွင်း ဒုတိယအကြိမ်မြောက် ၂ပွဲဆက်ဂိုးသွင်းနိုင်မှုအဖြစ် ဘက်ဆစ်တပ်နဲ့ ၂-၂ ဂိုးသရေကျခဲ့တဲ့ပွဲမှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ကြမ်းတမ်းတဲ့ဖျက်ထုတ်မှု ပြုလုပ်ခဲ့ပေမယ့် အနီကတ်ပြသခံရမယ့်အရေးကနေ လွတ်မြောက်သွားပါတယ်။ အသင်းခေါင်းဆောင် အိုဇေးလ်ဟာ ဂါဇီယန်တပ်ကို ၃-၂ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် အစ္စတန်ဘူလ်ဒါဘီပွဲအဖြစ် ဘက်ဆစ်တပ်နဲ့ပွဲမှာလည်း ပွဲချိန် ၁၄ မိနစ်အရောက် ပင်နယ်တီကနေ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိ အိုဇေးလ်အတွက် ယခုရာသီ ၇ဂိုးမြောက်ဖြစ်သလို နောက်ဆုံး ၆ပွဲမှာ ၄ဂိုးမြောက်လည်းဖြစ်ခဲ့ပေမယ့် ဘက်ရူယာရီနဲ့ ပီယာနစ်တို့ ပါဝင်တဲ့ ဘက်ဆစ်တပ်ကလည်း နောက်ကနေ ၂ကြိမ်တိုင်လိုက်ကစားကာ ၂-၂ ဂိုးသရေကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘက်ဆပ်တစ်အသင်း ဒုဥက္ကဋ္ဌဖြစ်သူကတော့ အိုဇေးလ်အနေနဲ့ မိနစ် ၉၀ ပြည့်ကစားခွင့်ရခဲ့တာ ကံကောင်းတယ်လို့ စွပ်စွဲခဲ့ပြီး အစောကြီးကတည်းက တိုက်ရိုက်အနီကတ်ပြသခံခဲ့သင့်တယ်လို့ ပြောပါတယ်။

အိုဇေးလ်ဟာ ပွဲချိန် ၂၃ မိနစ်မှာ လဲကျနေရာကနေ ဘက်ဆစ်တပ်အသင်းသား နီဆစ်ယူဆယ်ရဲ့ဒူးကို ကန်ခဲ့တာဖြစ်ပြီး ကွင်းလယ်ဒိုင်က သူ့ကို အနီကတ်၊ အဝါကတ်မပြသခဲ့တဲ့အပြင် ပြစ်ဒဏ်ဘောတောင် မပေးခဲ့ပါဘူး။ ဘက်ဆစ်တပ်အသင်းဒုဥက္ကဋ္ဌ ကိုဆာဒက်က ''ဒါဘီပွဲက ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ကျွန်တော်တို့အသင်းလည်း ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်အမှားတွေကြောင့် ကျွန်တော်တို့အသင်း နစ်နာခဲ့ရပြီး ပထမဆုံး ပေးလိုက်ရတဲ့ပင်နယ်တီက မရည်ရွယ်ဘဲ လက်နဲ့ ထိသွားတာပါ။ ဒိုင်လူကြီးက ဒီပွဲမှာ ပွဲထိန်းတာ လိုအပ်ချက်တွေရှိခဲ့ပြီး အဝါကတ်တွေ အနီကတ်တွေ ပြသခဲ့သင့်ပါတယ်။ အထူးသဖြင့် အိုဇေးလ်ကိုပေါ့''လို့ ပြောပါတယ်။

ဖီနာဘာချီက ပြစ်ဒဏ်ဘောအကြိမ် ၂၀ ကျူးလွန်ရာမှာ အဝါကတ် ၂ကြိမ်ပဲ ပြသခံခဲ့ရပေမယ့် ပြစ်ဒဏ်ဘော ၁၂ကြိမ်ပဲ ကျူးလွန်ခဲ့တဲ့ ဘက်ဆစ်တပ်ကတော့ အဝါကတ် ၅ကြိမ်ပြသခံခဲ့ရပါတယ်။ ဖီနာဘာချီဟာ အဲဒီပွဲသရေကျခဲ့လို့ ၁၇ပွဲကစားပြီးချိန် ၂၈ မှတ်ရရှိနေပြီး အမှတ်ပေးဇယားထိပ်ဆုံးက ထရက်ဇွန်စပေါနဲ့ ၁၄ မှတ်အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေရပါတယ်။

#ဘက်ဆစ်တက် #ဖီနာဘာချီ #အိုဇေးလ်