ဆန်းဒါးလန်းကို ပရီးမီးယားလိဂ်အသင်းလို သဘောထား ကစားဖို့ အာဆင်နယ် ကစားသမားတွေကို အာတီတာ သတိပေး
12:44 PM, 21 December
မီကယ် အာတီတာက ယနေ့ည ကာရာဘောင်ဖလားမှာ ရင်ဆိုင်ရမယ့် ဆန်းဒါးလန်းအသင်းကို ပရီးမီးယားလိဂ်အသင်း၁သင်းလို သဘောထား ကစားဖို့ အာဆင်နယ် ကစားသမားတွေကို သတိပေးခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အခြား ပရီးမီးယားလိဂ်အသင်းတွေ ကွာတားဖိုင်နယ်မှာ အချင်းချင်းရင်ဆိုင်နေကြချိန် ပိုပြီး လွယ်ကူနိုင်တဲ့ ဆန်းဒါးလန်းနဲ့ လာရင်ဆိုင်ရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အာတီတာကတော့ ဆန်ဒါးလန်းဟာ ကြီးမားတဲ့ အသင်း၁သင်း ဖြစ်တာကြောင့် အထင်သေးပြီး မကစားရဘူးလို့ အသင်းသားတွေကို ပြောခဲ့ပါတယ်။ အာတီတာက “သူတို့က သမိုင်းကောင်းတွေနဲ့ ကြီးမားတဲ့ အသင်း၁သင်းပါ။ သူ့ရဲ့ ပရိသတ်အားပေးမှုပုံစံကို ကြည့်လိုက်ရင် ပရီးမီးယားလိဂ်အသင်း အတိုင်းပါပဲ။ ခက်ခဲတဲ့ ညတစ်ည ဖြစ်လာမှာဖြစ်ပြီး သူတို့နည်းပြကလည်း ပရီးမီးယားလိဂ် ကလပ်တွေ ကစားရခက်အောင် လုပ်ပြနိုင်တဲ့ သမိုင်းကောင်းတွေ ရှိခဲ့တာကြောင့် ကျွန်တော်တို့ အသင့်ဖြစ်နေရပါမယ်”
“ကျွန်တော် သူတို့ ကစားတဲ့ ပွဲစဉ် ၃ပွဲကို ကြည့်ရှုခဲ့ပြီး လိဂ်အတွင်းမှာလည်း ဘောလုံးပိုင်ဆိုင်မှု အများဆုံးအသင်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့် တိုက်စစ်ကို ဘောလုံးပေးပို့နိုင်တဲ့ အခြေအနေ ရှိပြီး သူတို့ကို အခွင့်အရေး ပေးလိုက်တာနဲ့ ပြဿနာ ဖြစ်သွားစေနိုင်တဲ့ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပါတယ်”
“သူတို့ လိဂ်မှာလည်း တည်ငြိမ်တဲ့ ခြေစွမ်းတွေနဲ့ နိုင်ပွဲရနေတာကြောင့် သူတို့ နိုင်ပွဲနဲ့ အသားကျနေပြီး အဲ့ဒီအတွက် ယှဉ်ပြိုင်လာမှာ ဖြစ်လို့ သူတို့ မကြောက်ပဲ ရလဒ်ကောင်းရဖို့ ကစားလာဖို့ မျှော်လင့်ထားပါတယ်”လို့ ဆိုခဲ့ပါတယ်။ ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ တော့တင်ဟမ်က ဝက်စ်ဟမ်း၊ ဘရန့်ဖို့ဒ်က ချဲလ်ဆီး၊ လီဗာပူးက လက်စတာတို့နဲ့ အသီးသီး ရင်ဆိုင်နေရချိန် အာဆင်နယ်ကတော့ ပွဲချောင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အာတီတာကတော့ ခရစ္စမတ်မတိုင်ခင် လူစာရင်းအပြောင်းအလဲ လုပ်ဖို့ ပြင်ဆင်နေချိန် ယနေ့ညပွဲမပြီးခင် ဝင်ဘာလေအကြောင်း၊ ဗိုလ်လုပွဲအကြောင်းတွေ မစဉ်းစားသင့်သေးဘူးလို့ ဆိုခဲ့ပါတယ်။ ဆက်လက်ပြီး အာတီတာက “ဝင်ဘာလေ မရောက်ခင် ဒါကနောက်တစ်ဆင့် ဖြစ်တာကြောင့် ဒီပွဲအတွက်ပဲ ပြင်ဆင်သင့်ပြီး ဒီထက်ပိုပြီး တွေးတာမျိုး မလုပ်သင့်ပါဘူး”လို့ ဆိုခဲ့ပါတယ်။