ရှေ့သို့
Image

ဖိနပ်ကြိုးမချည်ပဲ ကစားလေ့ရှိတဲ့ ဘာကာလူငယ်လေး ဂါဗီအကြောင်း ဖွင့်ဟလာတဲ့ စပိန်ဂျာနယ်လစ်

12:39 PM, 21 December

ဘာစီလိုနာ လူငယ်ကြယ်ပွင့်လေး ဂါဗီဟာ ဖိနပ်ကြိုး မချည်တတ်တာကြောင့် ပွဲတိုင်းလိုလို ဖိနပ်ကြိုးက ပြေနေတာဖြစ်ကြောင်း စပိန်ဂျာနယ်လစ်တစ်ဦးက ဖော်ပြသွားခဲ့ပါတယ်။ ၁၇ နှစ်အရွယ်သာ ရှိသေးတဲ့ ကွင်းလယ်ကစားသမားလေးဟာ ဥရောပဘောလုံးလောကရဲ့ အတောက်ပဆုံး လူငယ်ကြယ်ပွင့်တစ်ဦးဖြစ်ပြီး ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင်အသင်းတွေမှာ ပုံမှန်ကစားခွင့်ရရှိနေသူဖြစ်ပေမယ့် ပွဲတိုင်းလိုလို ဖိနပ်ကြိုးမချည်ပဲ ကစားလေ့ရှိတာ တွေ့ရပါတယ်။

ဂါဗီရဲ့ ဒီထူးဆန်းတဲ့ အကျင့်ကြောင့် ပရိသတ်တွေက ဒါဟာ ဘောလုံးသမားတွေလုပ်လေ့ရှိတဲ့ ပွဲမတိုင်မီ ကံကောင်းစေမယ့် အယူအဆတစ်မျိုးလားဆိုတာ သိချင်လာကြပါတယ်။ ဒါပေမယ့် တကယ့်အဖြေကတော့ ပရိသတ်တွေ ထင်ထားသလို မဟုတ်ခဲ့ပဲ အရမ်းကို ရိုးရှင်းနေပါတယ်။ ဂါဗီဖိနပ်ကြိုးမချည်ပဲ ပွဲကစားရတဲ့ အကြောင်းအရင်းကတော့ ဖိနပ်ကြိုးမချည်တတ်လို့ပဲ ဖြစ်ပါတယ်။

စပိန်သတင်းထောက် မာ့ခ်မာဘာပရက်စ်က “ ဂါဗီက ဖိနပ်ကြိုးမချည်ပဲ ကစားလာတာ ငယ်ငယ်လေးကတည်းကပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဖိနပ်ကြိုးချည်နည်းကို သူကောင်းကောင်း မသိလို့ပါပဲ။ ဖိနပ်ကြိုးမချည်ထားရလဲ သူဂရုမစိုက်ပါဘူး။ သူ့အတွက် အကျင့်ဖြစ်နေပါပြီ ” ဆိုပြီး ရေးခဲ့ပါတယ်။ ဂါဗီရဲ့ ခုလိုဖိနပ်ကြိုးမချည်တတ်တဲ့ အကျင့်ကို ဘာစီလိုနာအသင်းဖော်တွေကတောင် စနောက်ခဲ့ကြပါသေးတယ်။

လာမာစီယာကနေ ပေါ်ထွက်လာတဲ့ အသင်းဖော်သူငယ်ချင်း နီကိုဂွန်ဇာလက်ဇ်ဆိုရင်လည်း ဂါဗီရဲ့ဖိနပ်ကို သူကိုယ်တိုင် ကြိုးချည်နေတဲ့ပုံကို သူ့ရဲ့အင်စတာဂရမ် စတိုရီမှာ တင်ပြီးစနောက်ခဲ့ပါသေးတယ်။ နီကိုဂွန်ဇာလက်ဇ်က သူ့ရဲ့ပို့စ်မှာ “ ဖိနပ်ကြိုးချည်နည်း သင်သင့်ပြီ ညီလေး ” ဆိုပြီး ရေးခဲ့ပါတယ်။ ခုလိုထူးဆန်းတဲ့ အကျင့်ရှိပေမယ့်လည်း ဂါဗီရဲ့ ခြေစွမ်းတွေကို တားဆီးနိုင်ခြင်းမရှိပါဘူး။ အခုဆိုရင် ဂါဗီဟာ ဘာစီလိုနာအတွက် စီနီယာ ပွဲထွက်ခွင့် ၂၁ ပွဲထိရှိသွားပြီဖြစ်ပြီး လူငယ်ကြယ်ပွင့်လေးကိုလည်း အသင်းကနေ ကာလရှည်စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပါတယ်။

ကတ္တာလန်ကလပ်ဟာ ဂါဗီကို တစ်ရာသီပြီးတိုင်း လစာတိုးပေးသွားမယ့် ၅ နှစ်စာချုပ် ကမ်းလှမ်းထားကြောင်း နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့ပါတယ်။ ဂါဗီရဲ့ စာချုပ်သစ်မှာလည်း စာချုပ်ဖျက်သိမ်းကြေးအဖြစ် ယူရိုသန်း ၅၀ (ပေါင် ၄၂.၆ သန်း) ဝန်းကျင် ပါဝင်နိုင်တယ်လို့လည်း သိရပါတယ်။ ဘာစီလိုနာအနေနဲ့ လာမာစီယာရဲ့ အတောက်ပဆုံး လူငယ်လေးကို လီဗာပူး၊ ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့က စိတ်ဝင်စားနေတာကြောင့် မဖြစ်မနေ ဆက်ထိန်းထားဖို့ လိုအပ်နေပါတယ်။

#ဘာစီလိုနာ #ဂါဗီ #ရိုမာနို