ရှေ့သို့
Image

လူမျိုးရေး ခွဲခြားခံရတာက သိပ်ကိုရွံဖို့ကောင်းတယ်လို့ ကွန်ပနီ ဖွင့်ဟ

11:22 AM, 20 December

အန်ဒါလက်ချ်အသင်းနည်းပြ ကွန်ပနီဟာ တနင်္ဂနွေနေ့က ဘယ်လ်ဂျီယံပရိုလိဂ်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဘရုဂျက်နဲ့ ပွဲမှာ သူနဲ့သူ့အသင်းသားတွေ လူမျိုးရေးခွဲခြားခံခဲ့ရပြီးနောက် သိပ်ကိုရွံဖို့ ကောင်းတဲ့အပြုအမူဖြစ်ကြောင်း တိုက်ခိုက်သွားပါတယ်။

၂-၂ ဂိုးသရေကျခဲ့တဲ့ အဲဒီပွဲမှာ အိမ်ရှင် ဘရုဂျက်အသင်းပရိသတ်တွေက ပွဲကစားချိန်အတွင်း ကွန်ပနီနဲ့ အန်ဒါလက်ချ်လူမည်းကစားသမားတွေကို မျောက်မည်းတွေအဖြစ် လူမျိုးရေးခွဲခြားခဲ့တာဖြစ်ပြီး ပွဲအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကွန်ပနီက ဒေါသတကြီးပြောသွားတာပါ။

''ကျွန်တော် သိပ်ကိုအံ့အားသင့်တုန်လှုပ်မိပါတယ်။ ကျွန်တော်တို့ဟာ တစ်ပွဲလုံးလိုလို မျောက်မည်းတွေကို အအော်ခံခဲ့ရတာပါ။ ကျွန်တော်တို့အတွက်တော့ ခက်ခဲတဲ့ကာလပါပဲ။ ကျွန်တော့်အနေနဲ့ အငြင်းပွားမှုတွေ မဖြစ်ချင်ပေမယ့် အခုက ကျွန်တော် ဘယ်လိုခံစားနေရလဲဆိုတာ ပြောပြတာပါ။ အခုတော့ အိမ်ပြန်ပြီး ကိုယ့်အတွက် အရေးကြီးတဲ့လူတွေနဲ့အတူ အနားယူရပါတော့မယ်''လို့ မန်စီးတီးအသင်းခေါင်းဆောင်ဟောင်းက ပြောပါတယ်။

နောက်ခံလူ ဝက်စ်လေဟိုအက်ကလည်း ''ပရိသတ်တွေအနေနဲ့ သူတို့ မှန်ကြည့်ပြီး ဒီလိုမျိုးပြောသင့်တယ်လို့ ထင်ပါတယ်။ ဒီလိုအဖြစ်မျိုးတွေက အခုခေတ်ကြီးမှာ မရှိသင့်တော့ပါဘူး။ ဒါကို ကျွန်တော်တို့ အများကြီးပြောင်းလဲလို့မရပေမယ့် လိဂ်တစ်ခုလုံးအနေနဲ့ တတ်နိုင်သလောက် လုပ်ဆောင်ဖို့လိုပါတယ်''လို့ ပြောပါတယ်။

#ဘရုဂျက် #ကွန်ပနီ #ဘယ်လ်ဂျီယံ