နယူးကာဆယ်ကို ၄ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ စံချိန်၃ခုချိုးပြခဲ့တဲ့ မန်စီးတီး
9:49 AM, 20 December
မန်စီးတီးအသင်းဟာ ပြက္ခဒိန်၁နှစ်အတွှင်း အဆင့်မြင့်တန်းပွဲအများဆုံး နိုင်ထားတဲ့ လီဗာပူးရဲ့ စံချိန်ကို နယူးကာဆယ်နဲ့ပွဲအပြီးမှာ ၃၄ပွဲနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ နယူးကာဆယ်ကို ၄ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲစဉ်အတွင်း စီးတီးအတွက်ဂိုးတွေကို ရူဘင် ဒီယက်စ်၊ ကန်ဆယ်လို၊ မာရက်ဇ်၊ မာရက်ဇ်၊ စတာလင်တို့က သွင်းယူပေးခဲ့ပြီး ခရစ္စမတ်မတိုင်ခင် မန်စီးတီးတို့ ဇယားထိပ်မှာ ရပ်တည်နေခဲ့သလို စံချိန်တွေလည်း ချိုးခဲ့ပါတယ်။
ပြက္ခဒိန်၁နှစ်အတွင်း အဆင့်မြင့်တန်းနိုင်ပွဲ အများဆုံးစံချိန်ရှင်ကတော့ ဘော့ပိုင်စလေရဲ့ လီဗာပူးအသင်းဖြစ်ပြီး ၁၉၈၂ခုနှစ်က ၃၃ပွဲဆက် နိုင်ခဲ့ကာ ဆုဖလား ၂ကြိမ်ဆက် ဆွတ်ခူးခဲ့ပါတယ်။ ၁၉၈၁-၉၂ရာသီကြား လီဗာပူးအသင်းဟာ ဇန်နဝါရီကနေ မေလကြား ပွဲ၂၀နိုင်ခဲ့ပြီး ၅ပွဲသာ အမှတ်လျော့ခဲ့ပါတယ်။ အဲ့ဒီနောက် ခြေစွမ်းနည်းနည်းဆိုးခဲ့ပေမဲ့ ၁၉၈၂-၈၃ရာသီ ပထမနှစ်ဝက်မှာ ၁၃ပွဲထပ်နိုင်ခဲ့ပြီး ယခုစံချိန်ကို တင်ထားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ချန်ပီယံဆုရှင် လီဗာပူးအသင်းဟာ ကင်နီ ဒဲကလစ်ရှ်၊ ဂရေမီ ဆောင်းနက်စ်၊ အီယန် ရက်ရှ်၊ ဖီလ် နီးလ်၊ ကနေဒီ၊ မက် လော်ရန်ဆန်၊ ဖီလ် သွမ်ဆမ်တို့လို ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ ခရစ္စမတ်ကာလမှာ ဇယားထိပ် ရပ်တည်နိုင်ခဲ့အပြီး ၂၀၂၂မှာလည်း ဆက်လက်တောက်ပနိုင်ဖို့ မျှော်လင့်နေပါတယ်။ မန်စီးတီးဟာ ယူနိုက်တက်ကို မတ်လတုန်းက ယခုနှစ် ပထမဆုံး ရှုံးပွဲတွေ့ခဲ့ပြီး ၂၀၂၁ခုနှစ်အတွင်း လိဂ်ပွဲ ၁၃ပွဲ အနိုင်ကစားထားခဲ့ပါတယ်။
ယခုနှစ်ရာသီမှာတော ့နယူးကာဆယ်ကို နိုင်ခဲ့ပြီးနောက် လိဂ်ပွဲ ၁၈ပွဲမှာ ၁၄ပွဲ နိုင်ထားခဲ့ပါတယ်။ ပြက္ခဒိန်၁နှစ်အတွင်း နောက်ထပ် နိုင်ပွဲကြာရှည်ခဲ့သူတွေကတော့ ၂၀၀၅ခုနှစ်က ၃၂ပွဲနိုင်ခဲ့တဲ့ မော်ရင်ဟိုရဲ့ ချဲလ်ဆီး၊ ၂၀၁၉ခုနှစ်က ၃၁ပွဲနိုင်ခဲ့တဲ့ ကလော့ပ်ရဲ့ လီဗာပူး၊ လွန်ခဲ့တဲ့ ၁၀နှစ်က ၃၁ပွဲနိုင်ခဲ့တဲ့ ဖာဂူဆန်ရဲ့ ယူနိုက်တက်တို့ပဲ ဖြစ်ပါတယ်။
ဖာဂူဆန်ရဲ့ ယူနိုက်တက်အသင်းဟာ ၁၉၉၃ခုနှစ်တုန်းကလည်း ပြက္ခဒိန်၁နှစ်အတွင်း ၃၁ပွဲ နိုင်ခဲ့ပြီး ၁၉၆၀က ဖလား၂လုံးရ တော့တင်ဟမ်အသင်းလည်း အဆိုပါ စံချိန်ကို ရထားခဲ့ပါတယ်။ တစ်ဖက်မှာတော့ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ပြက္ခဒိန်၁နှစ်အတွင်း ဂိုးအများဆုံး သွင်းနိုင်ခဲ့တဲ့ စံချိန်ကို ၁၀၆ဂိုးနဲ့ ကိုယ်တိုင်ပဲ ချိုးဖျက်ခဲ့ပါတယ်။
အလားတူ စီးတီးဟာ ယခုနှစ် လိဂ်အဝေးကွင်း ၁၈ပွဲ နိုင်ခဲ့ပြီး တော့တင်ဟမ်ရဲ့ ၆၁နှစ်ကြာ အဝေးကွင်းနိုင်ပွဲစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ် ပွဲ၁၅၀နိုင်ပွဲကို အမြန်ဆုံးရနိုင်ခဲ့တဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။